
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဆိုင်ကယ်စီးပြီး အလုပ်ကပြန်လာတဲ့ မြို့ခံနှစ်ယောက်ကို စစ်ကောင်စီက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဆိုင်ကယ်မောင်းနှင်သူနဲ့ အခင်းဖြစ် ပတ်ဝန်းကျင်မှာ နေထိုင်သူ အမျိုးသားတယောက် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဩဂုတ် ၂၄ ရက် ညနေ ၆ နာရီလောက်က ဆိပ်ငယ်တံတားနဲ့ ပြည်တော်သာတံတားအကြား အလုပ်ကပြန်လာတဲ့ အမျိုးသားနှစ်ယောက်ကို စစ်ကောင်စီက ဆိုင်ကယ်တစီးတည်း အမျိုးသားနှစ်ယောက် စီးလာလို့ ရပ်တန့်ဖို့ တားဆီးစဉ် ဆိုင်ကယ်ရပ်မပေးလို့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
မြို့ခံတယောက်က “စစ်တာက ဆိပ်ငယ်မှာ စစ်နေတာပေါ့။ ဆိုင်ကယ်မရပ်ပေးတော့ မိုးပေါ်ကို ထောင်ပစ်တယ်။ သေနတ်နဲ့ပစ်တယ်ဆိုတော့ ကြောက်ပြီးပြေးတာပေါ့။ ပြည်တော်သာဘက်မှာ ရှိနေတဲ့ အဖွဲ့က ပစ်လိုက်တာ” လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ဆိုင်ကယ်မောင်းသူ အမျိုးသားတယောက်နဲ့ အခင်းဖြစ်ရာအနီး ထိုင်ပြီး ဂိမ်းဆော့နေတဲ့ အသက် ၄၀ အရွယ် ဦးငြိမ်းချမ်း (ခ) အပ္ပဒူလာ ဆိုသူတို့ သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက် ထိုင်လိုက်လာသူက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
သေဆုံးသူအလောင်းတွေကို အရေးပေါ်လူနာတင်ယာဉ်နဲ့ စစ်တပ်က သယ်ယူသွားပြီး ဒီနေ့မနက်ပိုင်းမှာ ဦးငြိမ်းချမ်းအလောင်း ပြန်ရတယ်လို့ ဒေသခံတယောက်က ဆိုပါတယ်။
ဩဂုတ် ၂၀ ရက် ည ၉ နာရီလောက်က မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ရှမ်းချောင်းလမ်းမကြီးရှိ ဓနိရည်ချိုလမ်းထိပ်မှာ ဆိုင်ကယ်စီးလာတဲ့ အသက် ၃၇ နှစ်အရွယ် သုဘရာဇာလူငယ်များ နာရေးကူညီမှုအသင်း အဖွဲ့ဝင် ကိုထွန်းထွန်း (ခ) သားဖြူ ဆိုသူကို ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့ တိုက်သတ်ခဲ့ပါသေးတယ်။