DVB Logo
Home
မြန်မာသတင်း
အောင်ပြည့်စုံ၏ Sky One လုပ်ငန်းအပါအဝင် ကုမ္ပဏီအချို့အား ယူကေက ပိတ်ဆို့အရေးယူမှုကို အရပ်ဘက်အဖွဲ့များ ကြိုဆို
DVB
·
August 25, 2022
အောင်ပြည့်စုံ၏ Sky One လုပ်ငန်းအပါအဝင် ကုမ္ပဏီအချို့အား ယူကေက ပိတ်ဆို့အရေးယူမှုကို အရပ်ဘက်အဖွဲ့များ ကြိုဆို
Donate to DVB

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ Sky One ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် လက်နက်ပွဲစားတွေဖြစ်တဲ့ International Gateways Group နဲ့ Star Sapphire Group ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထားပိတ်ဆို့ အရေးယူလိုက်ကြောင်း ယူကေအစိုးရက ဆုံးဖြတ်လိုက်တဲ့အပေါ် အရပ်ဘက်အဖွဲ့အစည်းတွေက ကြိုဆိုထောက်ခံလိုက်ပါတယ်။

Justice For Myanmar ရဲ့ အဆိုအရ International Gateways Group နဲ့ Star Sapphire Group ကုမ္ပဏီလုပ်ငန်းစုတို့ဟာ အကြမ်းဖက်မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေကို အဓိကဝယ်ယူ တင်သွင်းပေးနေတာပါ။ ဒီ့အပြင် သတိထားစောင့်ကြည့်ရမယ့်အချက်က Star Sapphire Group ကုမ္ပဏီလုပ်ငန်းစုအောက်မှာရှိတဲ့ သတ္တူတူးဖော်ရေးလုပ်ငန်း အပါအဝင် ဟိုတယ်နဲ့ လောင်းကစားရုံတွေ စတဲ့ လုပ်ငန်းအမျိုးမျိုးတို့မှ ရရှိတဲ့ ဝင်ငွေတွေဟာ အကြမ်းဖက်မြန်မာစစ်တပ်အတွက် ဝင်ငွေရလမ်းကြောင်းကြီး တခုအနေနဲ့ ရှိနေတယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။

အဆိုးဝါးဆုံးအချက်ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးစုတွေအပေါ် အကြမ်းဖက်မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်ခဲ့ရာမှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ Sky One ဆောက်လုပ်ရေးလုပ်ငန်း အပါအဝင် စစ်လက်နက်ပွဲစားတွေဖြစ်တဲ့ International Gateways Group နဲ့ Star Sapphire Group ကုမ္ပဏီလုပ်ငန်းစုတို့က အထောက်အပံ့တွေ များစွာ ပံ့ပိုးပေးခဲ့တာ တွေ့ရှိရတဲ့အကြောင်း ကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က ဖော်ထုတ်ထားပါတယ်။

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က ယူကေအစိုးရရဲ့ အခုလိုပစ်မှတ်ထား ပိတ်ဆို့ အရေးယူလိုက်တာဟာ မြန်မာစစ်ကောင်စီဆီ စစ်လက်နက် နဲ့ ဘဏ္ဍာငွေတွေ စီးဆင်းမှုကို ရပ်တန့်သွားဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါဟာ ဒီအကြမ်းဖက်အဖွဲ့အစည်းကြီးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေး အရေးယူဖို့ ပို့ဆောင်ပေးလိုက်တဲ့ လုပ်ရပ်တခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်မှ ရိုဟင်ဂျာလူမျိုးစုတွေအပါ် လူမျိုးတုံးသတ်ဖြတ်ခဲ့မှုနဲ့ပတ်သတ်ပြီး နိုင်ငံတကာအသိုင်းအဝန်းက ဒီအပေါ်မှာ အရေးယူပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာဟာ မြန်မာစစ်တပ်အဖို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှာ အာဏာသိမ်းဖို့ နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်ဖို့ လမ်းစ ဖြစ်ခဲ့ရတယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။

ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်တပ်အပေါ် အရေးယူဖို့ ပျက်ကွက်ခဲ့ရတဲ့ ဒီအမှားကို သင်ခန်းစာယူတတ်ဖို့ လိုပါပြီ။ ဒီ့နောက် မြန်မာစစ်ကောင်စီထံ စီးဆင်းနေတဲ့ စစ်လက်နက်နဲ့ ဝင်ငွေတွေ ရပ်တန့်သွားဖို့ အတွက် အခုချိန်မှာ ညှိနှိုင်းပူးပေါင်းပြီး အရေးယူ ဆောင်ရွက်သွားကြဖို့နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေထဲမှာ ပါဝင်ပတ်သတ်တဲ့ သူတွေကိုလည်း နိုင်ငံတကာရာဇဝတ်မှုစာရင်းထဲ ထည့်သွင်းထား ရှိပေးဖို့ တိုက်တွန်းထားပါတယ်။

လတ်တလောမှာတော့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ပိတ်ဆို့ အရေယူတဲ့စာရင်းထဲ ထည့်သွင်းဖို့နဲ့ ဂျက်လေယာဉ်သုံး စက်သုံးဆီလောင်စာတွေ မြန်မာစစ်တပ်ဆီ မရောက်အောင် တားမြစ်ပေးဖို့တွေကတော့ အရေးတကြီး လုပ်ဆောင်ပေးဖို့ လိုနေပါတယ်။

မြန်မာစစ်ကောင်စီအား ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်နေတဲ့ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယား အပါအဝင် ဒေသတွင်း ဒီမိုကရေစီနိုင်ငံတွေကို ရှုတ်ချကြောင်း၊ အဆိုပါနိုင်ငံတွေအနေနဲ့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီစံတန်ဖိုးတွေဖြစ်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ဥပဒေတွေနဲ့အညီ လိုက်နာကြဖို့အတွက်လည်း Justice For Myanmar က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013