ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ဒီကနေ့ ဩဂုတ် ၂၅ ရက်အတွက် ရည်ညွှန်းဈေးကို ၂,၀၅၆,၀၀၀ ကျပ် သတ်မှတ်ပေမဲ့ ပြင်ပဈေးကွက်မှာ ကျပ် ၂၈ သိန်း ဝန်းကျင်ထိ မြင့်တက်နေပြီး ၇ သိန်းခွဲဝန်းကျင်ထိ ကွာဟနေပါတယ်။
ကြိုက်ရောင်းကြိုက်ဝယ်ပုံစံနဲ့ အရောင်းအဝယ် ပြုလုပ်ကြတာဖြစ်ပြီး စျေးတည်ငြိမ်မှု မရှိဘူးလို့ စျေးကွက်အတွင်းက သိရပါတယ်။
ရွှေဈေးနှုန်းသတ်မှတ်ရာမှာ ကမ္ဘာ့ရွှေတအောင်စဈေးကို အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးနဲ့ တွက်ချက်ပြီး သတ်မှတ်တာဖြစ်လို့ ပြင်ပဒေါ်လာဈေးနဲ့အပြိုင် ရွှေဈေးလည်း လိုက်ပါမြင့်တက်နေတာ ဖြစ်ပါတယ်။
ဒေါ်လာဈေးကို ဗဟိုဘဏ် သတ်မှတ်ရည်ညွှန်းဈေးရဲ့ ၃ ရာခိုင်နှုန်းသာ ကွာဟရောင်းဝယ်ကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပေမဲ့ ဒီနေ့မနက်ပိုင်း ပြင်ပဒေါ်လာဈေးကွက်မှာ ကျပ် ၃,၀၁၀ ကနေ ၃,၀၅၀ အထိ ဈေးပေါက်နေပြီး ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းနဲ့ ကျပ် ၉၀၀ ကျော် ကွာဟချက် ရှိနေပါတယ်။ အခုလ အစောပိုင်းကစတင်ပြီး ဗဟိုဘဏ်က သတ်မှတ် ရည်ညွှန်းဈေးနှုန်းကို အရင် ၁,၈၅၀ ကျပ်ကနေ ၂,၁၀၀ ကျပ်ကို တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။
အဲဒီလို ပြောင်းလဲသတ်မှတ်ပြီးနောက် ပြီးခဲ့တဲ့ ဩဂုတ်လအစောပိုင်းမှာ ၂,၇၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့တဲ့ ဒေါ်လာဈေးက တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ အခု ကျပ် ၃,၀၅၀ ထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒေါ်လာဈေးနဲ့အပြိုင် ရွှေဈေးကလည်း ၂၄ သိန်းခွဲ ဝန်းကျင်ကနေ အခုအခါ ၂၈ သိန်းဝန်းကျင်ထိ မြင့်တက်လာတာပါ။
သီတင်း ၃ ပတ်လောက်အတွင်းမှာ တဒေါ်လာကို ၃၅၀ ကျပ်ဝန်းကျင်၊ ရွှေဈေးက ၃ သိန်းခွဲဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။
ရွှေဈေး တကျပ်သား ၂၈ သိန်းအထက်ကို ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်က တကြိမ်ရောက်ရှိခဲ့ပြီး ဈေးပြန်ကျရိပ်ပြခဲ့ပေမဲ့ ဒီကနေ့ ဩဂုတ် ၂၅ ရက်မှာ ကျပ် ၂၈ သိန်းဝန်းကျင်ကို တကျော့ပြန် မြင့်တက်လာတာပါ။
စောင့်ကြည့်ဖမ်းဆီးမှုတွေကြောင့်သာ တောက်လျှောက်မြင့်တက်နေတဲ့ ရွှေဈေး၊ ဒေါ်လာဈေးက ယာယီဈေးတန့်သွားခဲ့တာဖြစ်ပြီး အခုအခါ ဈေးပြန်မာလာတာဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။