
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ၅၃ မိုင်တိုင် အောက်သရက်ချောင်းအနီးမှာ လမ်းကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သြဂုတ် ၂၄ ရက်က တိုက်ခိုက်ခဲ့တယ်လို့ သရက်ချောင်း ပကဖ က ထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၄ ရက် မနက် ၉ နာရီကျော်လောက်က သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့ဝင် ဂဠုန်မင်းစစ်ဆင်ရေးအဖွဲ့နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့ ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ထားဝယ်ဘက်မှ ပုလောဘက်ကိုဆင်းတဲ့ စစ်ကောင်စီယာဉ်တန်းအတွက် လမ်းကင်းလုံခြုံရေး ယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာမှ မိနစ် ၄၀ လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“လမ်းကင်းချထားတာ စစ်ကားတစီးစာပေါ့။ ၁၀ ကျော် ၂၀ ဝန်းကျင်လောက်ရှိမယ်။ ဒဏ်ရာရတဲ့သူတော့ တော်တော်လေးများမယ်။ အပြင်မှာက ၃ ယောက်ကို မြင်ရတယ်။ အဆောက်အဦ အထဲကို ဝင်ပြေးတာလည်း ရှိတယ်။ အဲဒီအဆောက်အဦတော့ ဖြဲဖြဲစင်သွားတယ်” လို့ သရက်ချောင်း ပကဖ အဖွဲ့ တာဝန်ရှိသူက ရှင်းပြပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရေးပေါ် လူနာတင်ယာဉ် ၅ စီးနဲ့ သရက်ချောင်းဘက်ကို လာရောက်သယ်ယူသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပြန်လှန်ပစ်ခတ်ခဲ့လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့မှ တပ်သားနှစ်ယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မနေ့ မနက် ၉ နာရီခွဲလောက်က ထားဝယ်မြို့ကနေ ပုလောမြို့ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပုလောမြို့နယ် မိုင်တိုင်အမှတ် ၄ အနီးမှာ ပုလော ပြည်သူ့ကာကွယ်ရေးတပ် မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မိုင်းနှစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။