Home
မြန်မာသတင်း
သတ်ဖြတ်ခံခဲ့ရသူများအတွက် တရားမျှတမှုရှာဖွေသွားမည်ဟု ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ၅ နှစ်ပြည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
August 25, 2022

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်ခံခဲ့ရသူတွေ၊ အသက်ရှင်ကျန်ရစ်ခဲ့သူတွေ အားလုံးနဲ့ တသားတည်းရှိပြီး ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှု  ရှာဖွေရေးနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစေရေးအတွက် သံန္နိဋ္ဌာန်ချလုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အကြမ်းဖက်စစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ခဲ့တာ  ၅ နှစ်ပြည့် အထိမ်းအမှတ် ဒီကနေ့ ဩဂုတ် ၂၅ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ လွန်ခဲ့တဲ့ ၅ နှစ်က မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်ခဲ့ပြီး ကျေးရွာတွေကို ဖျက်ဆီးတာ၊ အဓမ္မပြုကျင့်တာ၊ နှိပ်စက်ကလူပြုတာတွေနဲ့ အကြီးစားအကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ပြီး ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးတွေ ကလေးငယ်များစွာတို့ကို သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီလို ရိုဟင်ဂျာလူမျိုးတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်တယ်လို့ အခုနှစ် မတ်လတုန်းက အမေရိကန်နိုင်ငံ ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်း အထိမ်းအမှတ်ပြတိုက်မှာ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်အဖွဲ့ဝင်တွေဟာ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအနာဂတ်ကို အဆုံးသတ်စေဖို့ ပြောင်ပြောင်တင်းတင်း ကြိုးပမ်းရာမှာ မြန်မာပြည်သူတွေကို နှိပ်ကွပ်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေကို ဆက်လက်ကျူးလွန်ခဲ့ကြပြီး ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံခေါင်းဆောင်တွေကို စစ်အာဏာရှင်အဖွဲ့အစည်းက လောလောလတ်လတ် ကွပ်မျက်ခဲ့တဲ့ လုပ်ရပ်က စစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ အသက်ကို ကမ်းကုန်အောင် အရေးမထားကြောင်း ဖော်ပြတဲ့ ပူပူနွေးနွေး သာဓကတစ်ခု ဖြစ်တယ်လို့ ဖော်ပြပါတယ်။

စစ်တပ်ရဲ့ တိုးမြှင့်ဆောင်ရွက်လာနေတဲ့ အကြမ်းဖက်မှုတွေက လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအခြေအနေတွေကို ပိုမိုဆိုးဝါးလာစေပြီး ရိုဟင်ဂျာလူမျိုးတွေအပါအဝင် လူနည်းစု တိုင်းရင်းသားနဲ့ ဘာသာခြားအသိုက်အဝန်းတွေအတွက် ပိုမိုဆိုးဝါးစေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)၊ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်အရ  မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ တရားရုံးတော်ဆီ ဦးတိုက်လျှောက်ထားတဲ့ အမှုနဲ့ မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဆုံးဖြတ်ကြမယ့် ကမ္ဘာတဝန်းက အများယုံကြည်လက်ခံတဲ့ တရားရုံးတွေကိုလည်း အမေရိကန်က  ဆက်လက် အားပေးထောက်ခံတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းက လူပုဂ္ဂိုလ်အားလုံးရဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂိုဏ်သိက္ခာကို အကာအကွယ်ပေးခြင်းအားဖြင့် မြန်မာပြည်သူတွေ လိုလားတောင့်တနေတဲ့ လွတ်လပ်ရေးနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို အမေရိကန်က ဆက်လက်အားပေးထောက်ခံသွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024