DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်ရှိ အေအေစခန်းများကို စစ်ကောင်စီတပ်က ရွှေ့ခိုင်းထားပြီး တိုက်ပွဲဖြစ်မှာစိုးရိမ်သဖြင့် ဒေသခံများ စစ်ဘေးရှောင်
DVB
·
August 25, 2022
ရသေ့တောင်ရှိ အေအေစခန်းများကို စစ်ကောင်စီတပ်က ရွှေ့ခိုင်းထားပြီး တိုက်ပွဲဖြစ်မှာစိုးရိမ်သဖြင့် ဒေသခံများ စစ်ဘေးရှောင်
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ စစ်ကောင်စီတပ်က  အေအေတပ်စခန်းတွေကို သြဂုတ် ၂၅ ရက် ဒီနေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးဖို့ ပြောထားတာကြောင့် ကျေးရွာ ၄ ရွာက ဒေသခံ ရွာသားတွေ တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး စစ်ဘေးရှောင် ထွက်ပြေးနေကြပါတယ်။

ရသေ့တောင်မြို့နဲ့ ပြားချောင်းကြီး ကျေးရွာအကြား ဆက်သွယ်ထားတဲ့ တံတာားအနီးမှာရှိတဲ့ ရက္ခိုင့်တပ်တော်(အေအေ) တပ်စခန်းတွေကို  သြဂုတ် ၂၅ ရက်နေ့ အပြီးတိုင် ဖယ်ရှားပေးရမယ်လို့  ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ (၅၃၆)၊ (၅၃၇) နဲ့ (၅၃၈) တွေရဲ့ ဗျူဟာမှူးက အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ပြောထားတာလို့  ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖယ်ရှားခိုင်းထားတာက သြဂုတ် ၁၈ ရက်နေ့ကတည်းက မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး ဗျူဟာမှူးနဲ့တွေ့ပေးတာ၊ ပြားချောင်းကြီးရွားနားမှာရှိတဲ့ အေအေစခန်းတွေကို ဖယ်ရှားဖို့အတွက် ပြောခိုင်းထားတယ်လို့ သိရတယ်။ တချို့သတင်းတွေ ကြားတာကတော့ မနက်ဖြန် နောက်ဆုံး ဖယ်ရှားပေးရမယ်လို့လည်း ကြားနေရတယ်။”

ပြားချောင်းကြီးရွာသားတစ်ဦးကလည်း “ရသေ့တောင်စစ်ဗျူဟာမှူးက  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ  အေအေစခန်းတွေကို မနက်ဖြန် (ဩဂုတ် ၂၅) အပြီး ရွှေ့ပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားလာတယ်။ မရွှေ့ပေးရင် တိုက်ပွဲက ဖြစ်ကြတော့မယ်။ ဒါကြောင့် မြို့ပေါ်နဲ့ နီးစပ်ရာ တခြားရွာတွေကို ထွက်သွားနေကြရပါတယ်”လို့ ပြောပါတယ်။

အေအေကတော့ ဖယ်ရှားပေးမယ့် အခြေအနေတွေမရှိတဲ့အတွက် အနီးအနားမှာရှိတဲ့ ကျေးရွာ ၄ ရွာက ဒေသခံ ၁၀၀၀ လောက်ကတော့ တိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်တာကြောင့် နီးစပ်ရာ ရွာတွေနဲ့ ရသေ့တောင်မြို့ပေါ်တွေကို တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြင်ခေါင်ရွာသားတစ်ဦးက “အေအေ စခန်းတွေကို ထိုးစစ်ဆင်လာမယ့် အနေအထားရှိနေတယ်။ အေအေဘက်ကလည်း ရွှေ့ပေးဖို့အခြေအနေ မရှိဘူးဆိုတော့ တိုက်ပွဲကတော့ ဖြစ်လာကြမှာပါ။ ဇူလိုင်လကလည်း ဒီရွာ ၄ ရွာကို စစ်ကောင်စီတပ်သားတွေ ရောက်လာလို့ နှစ်ဖက် စစ်ရေးတင်းမာခဲ့ကြတယ်”လို့ ပြောပါတယ်။

မနေ့ညနေပိုင်းအထိ နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေကတော့ ပြားချောင်းကြီး၊ အလယ်ရွာ၊ ပြင်ခေါင်ရွာသစ်၊ ပြင်ခေါင်ရွာဟောင်း စတဲ့​ကျေးရွာက ရွာသားတွေဖြစ်ကြပြီး ရသေ့တောင်မြို့ပေါ်နဲ့ နီးစပ်ရာ ကျေးရွာတွေမှာ သွားရောက် ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ရသေ့တောင်မြို့မှာ ခမရ ၅၃၆၊ ၅၃၇ နဲ့ ၅၃၈ တို့ အခြေစိုက် တပ်စွဲထားပြီး ပြီးခဲ့တဲ့ ဇူလိုင်အတွင်းကလည်း အဆိုပါကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းတွေ ထွက်ခဲ့တာကြောင့် နှစ်ဖက်တင်းမာဖြစ်ခဲ့ကြပြီး ဒေသခံတွေ တိမ်းရှောင်ခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်ကလည်း မောင်တော-အငူမော်လမ်း ရသေ့တောင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ခဲ့တာကြောင့် ချိန်ခါလီ၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင်၊ ဒုံးပိုက်၊ အောင်ဗလ၊ ကုန်တန်း စတဲ့ ကျေးရွာတွေက ဒေသခံ ၁၅၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး စစ်ဘေးရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013