Home
မြန်မာသတင်း
စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် ကောလင်းဒေသခံ ၄ ဦးအပါအဝင် ကျဆုံးပြည် သူ ၂၂၄၀ ခန့် ရှိလာ
DVB
·
August 25, 2022

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၃၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၂၁၆ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၁၁၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၄၀၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၅ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၀၉ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းပင်ဆိပ်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ခမရ-၆၀၃ တပ်က စာဘူးတောင်းကျေးရွာသား စောမေထူးနဲ့ မဲမဲကျေးရွာသား စောကြီးငေး တို့ကို ဩဂုတ် ၁၅ ရက် က ဖမ်းဆီးခဲ့ပြီးနောက် ညှဉ်းပန်းနှိပ်စက်ခဲ့ကြပါတယ်။ ဩဂုတ် ၁၇ ရက်မနက် ၁၀ နာရီအချိန်မှာတော့ အဆိုပါရွာသား ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပြီး သူတို့ ၂ ယောက်ဟာ ကျေးရွာတွင်း ကျန်ရှိခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပြန်ကြည့်ချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၃ ရက်ည ၁၁ နာရီ ၄၁ မိနစ်အချိန်က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနောက်ဘက်ခြမ်းက သစ်ဆိမ့်ကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေး ရွာအတွင်းရှိ ဒေသခံ ၄ ယောက်ဟာ နေရာတင် သေဆုံးခဲ့ပြီး ၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ ဒေသခံတွေကတော့ အသက် ၆ နှစ်ခွဲအရွယ် မောင်ပြည့်စုံ၊ ကိုမိုးအောင်၊ ဇနီးမောင်နှံ ၂ ယောက်ဖြစ်တဲ့ ကိုဇင်မျိုးထွန်းနဲ့ မဖြူဇာဝင်း တို့ဖြစ်ပြီး မဖြူဇာဝင်းမှာ ကိုယ်ဝန် ကိုးလလွယ်ထားရတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Photo-AAPP

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024