
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် လက်ခုပ်ပင်ကျေးရွာနားမှာ ဩဂုတ် ၂၃ ရက်နေ့က စစ်ကောင်စီတပ်သားတွေနဲ့ ကောလင်အနောက်ခြမ်း PDF တပ်ရင်း ၂ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅ ဦး သေဆုံးပြီး ၁၇ ဦး အရှင်ဖမ်းမိတယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တိုက်ပွဲဟာ သုံးနာရီနီးပါးဖြစ်ပွားခဲ့ပြီး ဖမ်းဆီးရမိသူတွေထဲမှာ ပျူစောထီးခေါင်းဆောင်တယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
“ကောလင်းအနောက်ခြမ်း လက်ခုပ်ပင်မှာ နေ့လယ် ၁၂ လောက်ကစပြီး တိုက်ပွဲဖြစ်တယ်၊ ၄၅ ကောင်ပွဲချင်းပြီးသေတယ်။ အရှင် ၁၇ ကောင်ဖမ်းမိတယ်၊ အဲဒီမှာပျူခေါင်းဆောင် သက်နိုင်ဦးဆိုတဲ့ သူ ပါတယ်၊ ၁၇ ကောင်က ထွက်ပြေးတာကို လိုက်ဝိုက်ရင်းနဲ့ ဖမ်းမိတာပါ။”
တိုက်ပွဲဟာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ နာရီနီးပါး ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘဲ လက်နက်တွေကော ဖမ်းဆီးရမိတယ်လို့ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတော့ တပ်ရင်း ၂ က ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၁၁ နာရီခွဲဝန်းကျင်က ကောလင်းမြို့နယ် အနောက်ခြမ်းသစ်ဆိမ့်ကုန်း ကျေးရွာကို စစ်ကောင်စီလေတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူငါးယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ဂျက်ဖိုက်တာနှစ်စီးနဲ့ ကြဲတဲ့အချိန် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ပြည်သူ ၄ ဦး အသက်ဆုံးရှုံးသွားတယ်။ အဲထဲမှာ အသက် ၆ နှစ်အရွယ် ကလေးတယောက်လည်း ပါတယ်လို့ သတင်းရတယ်။ ပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အရမ်းနီးတာတော့ မဟုတ်ဘူး၊ သူတို့ထင်မှတ်တဲ့ နေရာကို လာကြဲတာထင်တယ်။”
စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပြည်သူတွေနေထိုင်တဲ့ နေအိမ်မှာ ထိမှန်တာဖြစ်ပြီး ၄ ဦးသေဆုံးပြီးတော့ ၁ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ ကောလင်းမြို့နယ်အနောက်ခြမ်း တကြောက ကျေးရွာတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အစားအသောက်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုနဲ့ ဖမ်းဆီးခံရမှု အခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။