
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးမှာ ဩဂုတ် ၂၃ ရက်နေ့ မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ လောက်ဟာ နဘားကျေးရွာထဲမှ နဘားလမ်းဆုံဘက်ကို ပစ်ခတ်ပြီး ခြေလျင်စစ်ကြောင်းတက်လာစဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ Indaw Revolation - IR က ဩဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
“နဘားရွာကနေ လမ်းဆုံဘက်ထိ ရမ်းပစ်ပြီး တက်လာတာ။ အဲ့ဒီမှာ တိုက်ပွဲဖြစ်ကြတယ်။ ရန်သူဘက်က လက်နက်ကြီးတော်တော်သုံးတယ်။ တိုက်ပွဲဖြစ်ပြီး နဘားလမ်းဆုံဘက်မှာရှိတဲ့ ဆိုင်တွေနဲ့ အိမ်တွေကနေ သယ်လို့ရတဲ့ အဖိုးတန်ပစ္စည်းနဲ့ အသုံးအဆောင်မှန်သမျှ အကုန်မွှေယူသွားတယ်။ ရန်သူဘက်က ထိခိုက်သေဆုံးတာတွေရှိပေမဲ့ လောလောဆယ် စုံစမ်းနေဆဲပဲ။ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ Indaw Revolation - IR တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်မှုကြောင့် နားရခေါင်ကျေးရွာရှိ နေအိမ် ၂ လုံး လက်နက်ကြီးကျည်ထိမှန် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီမနက် ၁၁ နာရီလောက်ကလည်း အင်းတော်မြို့နယ် ပိန္နဲကုန်းကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အသက် ၄၀ ကျော်အရွယ် ကျေးရွာသားပြည်သူတဦး ဦးခေါင်းကျည်စထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နဘားလမ်းဆုံအနီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ Indaw Revolation - IR နဲ့ ကျောင်းသားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဩဂုတ် ၂၀ ရက်နေ့ကလည်း အင်းတော် - ကျောင်းကုန်းလမ်းမှာ ထီးချိုင့်ဘက်မှ ခြေလျင် စစ်ကြောင်းတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၅၀ ကျော်နဲ့ KIA အပါအဝင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။