စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၃ ဖွဲ့က ဒီနေ့ ဩဂုတ် ၂၄ ရက် မနက်အစောပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ခင်ဦးမြို့နယ် KSO တာဝန်ရှိသူက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဟာ အင်အား ၅၀ လောက်နဲ့ ရေဦးမြို့ တိုင်းရင်းဆေးရုံကနေ ထွက်လာတဲ့ စစ်တပ် ဖြစ်တယ်လို့ ဆိုပါတယ်။
KSO တာဝန်ရှိသူတယောက်က “သူတို့ကို ရေဦးမြို့ တိုင်းရင်းဆေးရုံကနေ သံချပ်ကာ ကားနှစ်စီးနဲ့ ရေဦးကြာပတ်အဝိုင်းကို လာချတယ်။ အဲဒီကနေ ကျနော်တို့ ခင်ဦးနယ်ဘက်ကို မူးမြစ်ကူးတံတားအရှေ့ တက်လာတာကို ကျနော်တို့ ကြိုတင်သိလို့ မိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီက ကျနော်တို့ မိုင်းဆွဲလို့ ၂၀ လောက် နေရာတင် ပုံကြသွားတယ်။ ကျနော်တို့ မိုင်းဆွဲတဲ့ကလေးတွေကိုတော့ ကျန်ခဲ့တဲ့စ(--)တွေက လိုက်ပစ်ခတ်သေးတယ်။ ဒါပေမဲ့ အထိခိုက်တော့ မရှိခဲ့ဘူးဗျ” လို့ ပြောပါတယ်။
KSO တာဝန်ရှိသူအနေနဲ့ စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာပြင်းထန် ရသွားတယ်လို့ ဒီဗွီဘီကို ပြောဆိုပေမဲ့ အတည်မပြုနိုင်သေးသလို စစ်ကောင်စီတပ်ဘက်ကလည်း တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မျက်မြင်တွေ့ရှိသူ အင်းပတ်ဒေသခံ အမျိုးသားတယောက်က “မိုင်းကွဲတာကတော့ ဟုတ်တယ်ဗျ။ မြေကြီးတွေပါ တုန်သွားတယ်။ အဲဒါနဲ့ သစ်ပင်ပေါ်ကနေ တက်ကြည့်မိတယ်ဗျ။ ပစ်ခတ်သံတွေ ထပ်ရတယ်။ အဲဒါပြီးတော့ ကျနော်တို့ အင်းပတ်ရွာဘေးက ဇာတိမာန်ဆီဆိုင်အနီး ခရီးသွားပြည်သူပိုင် ကားတစီးကို ချောဆွဲပြီး ဒဏ်ရာရသူတွေရော၊ သေဆုံးတဲ့ကောင်တွေရော တင်ပြီး ရွာသစ်ကုန်းရွာထဲ မောင်းဝင်သွားတာ မြင်လိုက်တယ်” လို့ ပြောပါတယ်။
အခုတိုက်ပွဲမှာ KSO၊ Wolf Guerilla (Ye-U)၊ Khin U-Dog Killers (KDK) မဟာမိတ်အဖွဲ့ ပူးပေါင်းပြီး တိုက်ခဲ့တာလို့ သိရပါတယ်။