DVB Logo
Home
မြန်မာသတင်း
ရက် ၂၀ အတွင်း ကေအန်ယူနယ်မြေတွင် တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွား၊ စစ်ကောင်စီဘက်က ၅၀ ခန့်သေဆုံး
DVB
·
August 24, 2022
ရက် ၂၀ အတွင်း ကေအန်ယူနယ်မြေတွင် တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွား၊ စစ်ကောင်စီဘက်က ၅၀ ခန့်သေဆုံး
Donate to DVB

ဩဂုတ် ၁ ရက်ကနေ ၂၀ ရက်အတွင်း ကေအန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေထဲမှာ တိုက်ပွဲပေါင်း ၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က ၄၈ ယောက် သေဆုံးကာ အယောက် ၈၀ လောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်၂၄ ရက် ဒီကနေ့ ရက်စွဲနဲ့ ကေအန်ယူရဲ့ ထုတ်ပြန်ချက်မှာတော့ တပ်မဟာ (၆) နယ်မြေထဲမှာ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေကတော့ တပ်မ (၁၁)၊ တပ်မ (၂၂)၊ တပ်မ (၄၄) တို့ရဲ့ လက်အောက်ခံ တပ်ရင်း (၁၇) ရင်း နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၁) ရင်း စုစုပေါင်း တပ်ရင်း ၁၈ ရင်းရှိနေပြီး အတည်ပြုလို့မရတဲ့ တပ်ရင်းတွေလည်း ရှိနေသေးတယ်လို့ ဖော်ပြပါ တယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေကို ရင်ဆိုင် တိုက်ခိုက်နေရတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်းတွေကတော့ တပ်ရင်း (၁၆)၊ တပ်ရင်း (၁၇)၊ တပ်ရင်း (၁၈)၊ တပ်ရင်း (၂၇)၊ တပ်ရင်း (၂၀၁)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဗဟိုလုံခြုံရေးတပ်ရင်း (၁) ရင်း နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၆) တို့ဖြစ်ကြတယ်လို့ ဆို ပါတယ်။

ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တွေကို ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) ဌာနချုပ်အနေနဲ့ စစ်ကြောင်း (၁) ကြောင်း ဖွဲ့စည်းထားပြီး သက်ဆိုင်ရာတပ်ရင်းတွေကလည်း လိုအပ်ချက်တွေအရ စစ်ကြောင်းတွေကို ထူထောင်ဖွဲ့စည်းထားပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒီကနေ့ထိတိုင် ရင်ဆိုင်တိုက်ခိုက်နေကြရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားမှု အများဆုံးကတော့ ကော့ကရိတ်မြို့နယ် တပ်ရင်း (၁၈) နဲ့ တပ်ရင်း (၂၇) နယ်မြေတွေဖြစ်ပြီး တပ်ရင်း (၂၇) လက်အောက်ခံ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့ နေရာတွေကတော့ တိုက် ပွဲအပြင်းထန်ဆုံးနေရာတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့်မို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ သေဆုံးဒဏ်ရာရမှုများပြားတဲ့နေရာတွေဖြစ်တဲ့ နယ်မြေတွေထဲကို လက်နက်ကြီးအမျိုးမျိုး၊ ဂျက်လေယာဉ်၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး အင်အား အလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်နေကြတာ ဖြစ်ပါတယ်။

အဲဒီလို ထိုးစစ်ဆင်ရာမှာ အာဏာသိမ်းအကြမ်းဖက်စစ်တောင်စီတပ်တွေဘက်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအမြောက်အမြား ကြဲချခဲ့ကာ မြေပြင် ရင်ဆိုင်တိုက်ပွဲတွေအတွင်း ပြည်သူ့ ဘက်တော်သားစစ်သည်တော် ၂ ယောက်ကတော့ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားခဲ့ပြီး ၁၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်မဟာ (၆) နယ်မြေထဲမှာတော့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာတွေကြောင့် ပြည်သူ ၁ ယောက် ထိမှန် သေဆုံးခဲ့ပြီး ပြည်သူ ၉၀,၂၉၁ ယောက်ကတော့ နေရပ်ကို စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ဇူလိုင် ၇ ရက်ကနေ ဩဂုတ် ၆ ရက်အထိ  တစ်လတာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၂,၁၅၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ကရင်ပြည်နယ်မှာ ၂၁၉ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၂၀၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းကတော့ ဗုံးပေါက်ကွဲမှု ၇၄ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013