
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်းမရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်ကျင်းပပေးသွားဖို့ အကြမ်းဖက်စစ်ကောင်စီအာဘော် သတင်းစာတွေကတဆင့် ထုတ်ပြန်ထားပါတယ်။
ဒီစာမေးပွဲကတော့ စနစ်ဟောင်း၊ သင်ရိုးဟောင်းစာမေးပွဲအနေနဲ့ နောက်ဆုံးအကြိမ် ကျင်းပသွားမှာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတွေကိုတော့ လာမယ့် စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်နေ့အတွင်း လျှောက်ထားရမှာဖြစ်ကာ တယောက်ကို ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းဖိုး ကျပ် ၇၀၀ နဲ့ လျှောက်လွှာဖိုး ၂၀၀၊ စုစုပေါင်း ကျပ် ၉၀၀ ကျမယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်လည်ကျင်းပတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့ ကျောင်းသား ၃ သိန်းကျော် စာရင်းပေးခဲ့ပေမဲ့ နှစ်သိန်းရှစ်သောင်းကျော်သာ ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ ကျောင်းသားကျောင်းသူ ၁၀ သိန်းနီးပါးအထိ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းခဲ့တာပါ။
အခုစစ်ကောင်စီက စီစဉ်ကျင်းပတဲ့ ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကျောင်းသား ကျောင်းသူအများစုက စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့အတွက် ဖြေဆိုသူအရေအတွက်ဟာ အရင်နှစ်တွေနဲ့ယှဉ်ရင် သုံးပုံတပုံလောက်သာရှိတာ ဖြစ်ပါတယ်။
NUG အစိုးရ ပညာရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုဘဲ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသူကျောင်းသား ၇ သိန်းကျော်ကို သမိုင်းတွင်မယ့် ကျောင်းသားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြု၊ အလေးပြု၊ ဂုဏ်ပြုလိုက်တယ်လို့ ပြောကြားထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်အေးချမ်းတည်ငြိမ်နေတာကို ပြသချင်တာကြောင့် ပညာရေးနဲ့ပတ်သက်ပြီး တက္ကသိုလ် မဟာဘွဲ့သင်တန်းတွေကစပြီး ဖွင့်လှစ်ခဲ့ပါတယ်။ အခုနောက်ပိုင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြီးတဲ့နောက် မေလ ၁၂ ရက်မှာ တက္ကသိုလ်နဲ့ ကောလိပ် သင်တန်းတွေနဲ့ အဝေးသင် သင်တန်းတွေ အားလုံးကို ဖွင့်လှစ်ဖို့ ကြေညာထားပါတယ်။