DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ဒီဇယ် ၁ လီတာကို ကျပ် ၃၀၀၀ အထိ ဈေးနှုန်း ထပ်မံမြင့်တက်လာ
DVB
·
August 24, 2022
မြန်မာပြည်တွင်း ဒီဇယ် ၁ လီတာကို ကျပ် ၃၀၀၀ အထိ ဈေးနှုန်း ထပ်မံမြင့်တက်လာ
Donate to DVB

ရန်ကုန်စက်သုံးဆီစျေးကွက်မှာ ဒီဇယ် ၁ လီတာကို ကျပ် ၃၀၀၀၊ ပရီမီယံ ဒီဇယ် ၁ လီတာကို ကျပ် ၃၀၈၀ အထိ သိသိသာသာ စျေးထိုးတက်နေပါတယ်။

စစ်ကောင်စီ လက်အောက်က စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ သတ်မှတ်စျေးအရ ရန်ကုန်မှာဆိုရင် ဒီဇယ် ၁လီတာကို ၃၀၀၀ ကျပ်၊ ပရီမီယံ ဒီဇယ်၁လီတာ ၃၀၈၀ ကျပ်၊ အောက်တိန်း 92 Ron ၁ လီတာကို ၂၄၄၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၂၅၂၅ ကျပ်နဲ့ ရည်ညွှန်းစျေးမှာတင် အမြင့်စျေးမှာဆက်ရှိနေတာပါ။

၂၄ နာရီအတွင်း ဒီဇယ် ၁ လီတာကို ၁၃၅ ကျပ်၊ ပရီမီယမ်ဒီဇယ်က ၁၄၀ ကျပ် မြင့်တက်လာသလို  အောက်တိန်း ၉၂၊ ၉၅ စျေးတွေကလည်း  တလီတာကို ကျပ် ၅၀ ဝန်းကျင်ထိ သတ်မှတ်စျေးက မြင့်တက်လာပါတယ်။

“ဒီဇယ်တစ်လီတာကို ၃ဝဝဝ ကျပ်ထိ ထိုးတက်သွားတယ်။ တောက်လျှောက် တက်နေတာ၊ ပြန်ကျလည်းနည်းနည်းပဲ။ တက်ရင်တော့ များများတက်သွားတာ။ အဓိကက ငွေစျေးကြောင့်ပါပဲ ”လို့ စက်သုံးဆီ အရောင်းဆိုင် တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

မြင့်တက်နေတဲ့ ဒေါ်လာငွေလဲနှုန်းကြောင့် စက်သုံးဆီဈေးနှုန်းကျရိပ်မမြင်ဘူးလို့ စျေးကွက်စောင့်ကြည့်သူတွေက သုံးသပ် ကြပါတယ်။

စစ်ကောင်စီက နိုင်ငံခြားငွေကြေးဈေးကွက်နဲ့ စက်သုံးဆီစျေးကွက်ကို ထိန်းချုပ်ထားတဲ့အပြင် စစ်ခေါင်းဆောင်ကိုယ်တိုင်က စက်သုံးဆီ တင်သွင်းမှုကို လျော့ချကန့်သတ်မယ်လို့ ထုတ်ဖော်ပြောဆိုလာပြီးနောက် စက်သုံးဆီဈေးတွေ ထိုးတက်ကာ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင်တနိုင်ငံလုံးမှာ ဆီပြတ်လပ်ပြီး ဝယ်ရခက်တဲ့အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အခုလို လောင်စာဆီစျေးနှုန်းတွေ ထိုးတက်နေပေမဲ့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်က မြန်မာနိုင်ငံအတွင်း ဆီတင်သင်္ဘောတွေ ဆက်တိုက်ဝင်ရောက်ဖို့ ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အများပြည်သူက မှန်ကန်တဲ့စျေးနှုန်းနဲ့ စက်သုံးဆီ၀ယ်ယူသုံးစွဲနိုင်ဖို့၊ စက်သုံးဆီ ပြတ်လတ်မှု မရှိစေဖို့အတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီက ကြိုးစားဖြည့်တင်း ဆောင်၇ွက်ပေးနေတယ်လို့လည်း စစ်ကောင်စီ ဘက်က ကြေညာထားပြန်ပါတယ်။

ဒါပေမဲ့  သူတို့သတ်မှတ် ထုတ်ပြန်တဲ့ ရည်ညွှန်းစျေးမှာတင် စက်သုံးဆီဈေးတွေက တက်မြဲအတိုင်း တက်နေတာ ဖြစ်ပါတယ်။

ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းအသစ် မပြောင်းမှီ  ဩဂုတ် ၇ ရက်က ရန်ကုန်စျေးကွက်မှာ  အောက်တိန်း 92Ron တစ်လီတာကို ၁၆၁၅ ကျပ်၊ အောက်တိန်း ၉၅ Ron တစ်လီတာကို ၁၆၆၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၉၇၀ ကျပ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာကို ၂၀၂၅ ကျပ်အသီးသီးရှိခဲ့ပါတယ်။

ငွေလဲနှုန်းအပြောင်းအလဲအပြီး နှစ်ပတ်ကျော် အကြာမှာတော့ အောက်တိန်း ၉၂၊၉၅ တစ်လီတာကို ကျပ် ၈၀၀ ကျော်၊ ဒီဇယ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာကို ကျပ် ၁၀၀၀ ကျော်အထိ မြင့်တက်လာပါတယ်။

စစ်တပ် အာဏာမသိမ်းခင်က ၉၂ တစ်လီတာကို ကျပ် ၆၀၀ ဝန်းကျင်သာရှိခဲ့ပေမဲ့  အာဏာသိမ်းပြီး  တစ်နှစ်ခွဲဝန်းကျင်အကြာမှာစျေးနှုန်းက ၄ ဆနီးပါးလောက် မြင့်တက်လာခဲ့ပါတယ်။

စက်သုံးဆီစျေး မြင့်တက်မှုရဲ့နောက်ဆက်တွဲက  ကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်လာစေပြီး ဟင်းသီး၊ ဟင်းရွက်၊ အခြေခံ စားသောက်ကုန်ကစလို့ အထွေထွေ ကုန်စျေးနှုန်းကိုလည်းထပ်မံ မြင့်တင်လာစေနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း  မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားကိုအချိန်ပြည့် ပေးနိုင်ခြင်းမရှိသေးတဲ့အတွက် လောင်စာဆီအသုံးပြုပြီး လုပ်ငန်းလည်ပတ်နေရတဲ့ စက်ရုံ၊အလုပ်ရုံတွေ အပေါ်မှာလည်း ထပ်မံ သက်ရောက်လာနိုင်ပါတယ်။

"စက်သုံးဆီစျေး တက်တဲ့အတွက်ကြောင့် ကျန်တဲ့အစစအရာရာလည်း ဈေးတွေတက်မှာပေါ့။ သယ်ယူပို့ဆောင်ခ တက်မယ်။ လုပ်ငန်းတွေ လည်ပတ်ဖို့ရာအတွက်လည်း စက်သုံးဆီဈေးတက်တော့ ပိုဆိုးသွားမယ်"လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လျှပ်စစ်မီးမမှန်၊ စက်သုံးဆီဈေးကြီးမြင့်မှုက  ကုန်ထုတ်လုပ်မှုကို  ကျဆင်းစေသလို စိုက်ပျိုးရေးထွက်ကုန်အပါအဝင်  ပြည်တွင်း ထုတ်ကုန်တွေကို လည်းဈေးကြီးမြင့်စေပါတယ်။

စစ်ကောင်စီလက်ထက်ငွေကြေးဖောင်းပွမှုကြောင့်လည်း နိုင်ငံခြားက တင်သွင်းရတဲ့  ကုန်စည်မှန်သမျှကလည်း  ဈေးကြီးမြင့်နေတာပါ။

ပြည်ပက တင်သွင်းတဲ့လောင်စာဆီတွေကို ပို့ဆောင်ရေးကဏ္ဍမှာ ၇၂ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၂၆ ရာခိုင်နှုန်း၊ လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှာ  ၁ ရာခိုင်နှုန်းအသုံးပြုတယ်လို့ သိရပြီး၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း စက်သုံးဆီတင်သွင်းခဲ့မှုဟာ တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် တန်ဖိုးအနေနဲ့အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013