Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင် BGF စခန်းတခုကို ကေအန်ယူ တပ်မဟာ ၅ သိမ်းပိုက်
DVB
·
August 24, 2022

စစ်ကောင်စီတပ် လက်အောက်ခံ ဖာပွန်ခရိုင် နယ်ခြားစောင့်တပ် (BGF)ရဲ့ ဘောကျုံ့ထာ့စခန်းကို ကေအန်ယူ တပ်မဟာ ၅ လက်အောက်ခံတပ်ဖွဲ့တွေက  ဩဂုတ် ၂၂ ရက်နေ့က သိမ်းပိုက်လိုက်ပါတယ်။

မူတြော်(ဖာပွန်)ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  တပ်မဟာ ၅ လက်အောက်ခံအဖွဲ့ဝင်တွေက စစ်ကောင်စီလက်အောက်ခံ BGF ဘောကျုံ့ထာစခန်းငယ်ကို  သိမ်းပိုက်ခဲ့တာလို့ ကေအန်ယူမူတြော်သတင်းမှာ ဖော်ပြပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ  BGF တပ်သား နှစ်ယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရကာ လက်နက်ကြီး လက်နက်ငယ်နဲ့ ကျည်တချို့ သိမ်းဆည်းရမိခဲ့ပါတယ်။

ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း အခု ဩဂုတ် ၁ ရက်မှ ၁၅ ရက်အထိ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တွေနဲ့  KNLA တို့အကြား တိုက်ပွဲ ၅၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မူတြော်သတင်းမှာ ဖော်ပြပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်ဘက်က ၄၃ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြထားပေမဲ့ စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ 

သြဂုတ် ၁၉ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်အတွင်းရှိ လက်ပံပင်ရွာ အနီးမှာ  နယ်မြေကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ လောက်နဲ့  KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး  စစ်ကောင်စီတပ်သား ၁၃ ယောက်သေဆုံးကာ လေးယောက် ဒဏ်ရာရခဲ့တယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။

ဒွယ်လိုးမြို့နယ်မှာတော့ ဩဂုတ် ၁၆ ရက်က ကူးဆိပ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့  စကခ(၈)လက်အောက်ခံ၊ ခမရ(၄၀၆)က မထောကျေးရွာအုပ်စု၊  သာမစူလော်ရွာထဲကို အမြောက်လက်နက်ကြီး ၃ လုံးပစ်ချခဲ့လို့ ကျေးရွာရှိ နေအိမ်တလုံး ထိမှန်သွားသလို  ဃော်ကလါးကျေးရွာမှာလည်း အမြောက်လက်နက်ကြီးထိမှန်ပြီး အိမ်တစ်လုံးထိမှန်သွားခဲ့တယ်လို့ ကေအန်ယူ မူတြော်သတင်းမှာ ဖော်ပြပါတယ်။ 

ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီက တိုင်းမှူးအပြောင်းအလဲ လုပ်ပြီးနောက် တိုက်ပွဲတွေ ပိုမို ပြင်းထန်ဖြစ်ပွားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024