Home
မြန်မာသတင်း
ကျိုက်ထိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေ
DVB
·
August 24, 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ညနေ ၅ နာရီကျော်လောက်က  ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျိုက်ထိုမြို့နယ်၊ လက်ပံပင်ရွာအနီးမှာ နယ်မြေကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ လောက်နဲ့ KNLA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

KNLAနဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အဲဒီနေ့ညနေပိုင်းမှာပဲ အဆိုပါစစ်ကောင်စီတပ်က အနီးနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မဲရုံးလေး၊ လက်ပံပင်၊ ကျောက်ပုံ ကျေးရွာတွေက ရွာသူရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကေအန်ယူ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုတွေ ကြောင့် လတ်တလောမှာ ဒေသခံ စစ်ဘေးရှောင်ဦးရေ ၂၂,၂၇၉ ယောက်အထိ ရှိလာခဲ့ပြီလို့ ဆိုပါ တယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ဇူလိုင် ၇ ရက်ကနေ ဩဂုတ် ၆ ရက်အထိ  တစ်လတာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၂,၁၅၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ကရင်ပြည်နယ်မှာ ၂၁၉ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ ၂၀၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းကတော့ ဗုံးပေါက်ကွဲမှု ၇၄ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Photo-KNU

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024