
သတင်းပေါက်ကြားမှုကြောင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၄ မိုင် အမှတ် (၂) နယ်ခြားစောင့်စခန်းမှ အရာရှိ၊ အရာခံ၊ တပ်သား ၂၀ ကျော်ဟာ ပြောင်းရွှေ့ခံခဲ့ရတယ်လို့ အပြောင်းခံရတဲ့ အရာရှိတဦးက ပြောပါတယ်။
“မြဝတီကျေးရွာအနီးမှာ အေအေ မိုင်းဆွဲတိုင်ခိုက်တဲ့အထဲမှာ လက်နက်ချ အဖမ်းခံလိုက်သူ ၁၄ ဦးလုံးက နခခ (၂) က ဖြစ်နေတော့ ဒီစခန်းက သတင်းပေါက်ကြားတယ်ဆိုပြီး အရာရှိအရာခံ ၂၀ ကျော်ကို ကရင်ပြည်နယ်နဲ့ အခြားနေရာတွေကို ပြောင်းရွှေ့ခံရလိုက်ရတာ။”
မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီး ဇူလိုင် ၁၈ ရက် မနက် ၁၁ နာရီကျော်လောက်မှာ စစ်ကောင်စီ ကားတစီးအား အေအေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် နယ်ခြားစောင့် ၂၀ ဦးကျဆုံးပြီး ၁၄ ဦးအဖမ်းခံရကာ ၁ ဦး ပျောက်ဆုံးနေတာပါ။
ဖမ်းဆီးရသူ ၁၄ ဦးမှာ ရဲမှူး ကျော်ထွန်အေး၊ ဒုရဲအုပ် သူရအောင်၊ ဒုတပ်ကြပ် နောင်နောင်၊ ရဲတပ်သား ဆန်းလင်းအောင်၊ ရဲတပ်သား ဇင်ကိုကိုထွန်း၊ ရဲတပ်သား ကိုကိုဦး၊ ရဲတပ်သား ဘုန်းမာန်ခ၊ ရဲတပ်သား ဝေဖြိုးဟန်၊ ရဲတပ်သား စောဝေယံဦး၊ ရဲတပ်သား အောင်လင်းဌေး၊ ရဲတပ်သား ကျော်မင်းသူ၊ ရဲတပ်သား ဟိန်းစိုးဦး၊ ရဲတပ်သား ဟန်ပိုင်စိုး၊ ရဲတပ်သား ထက်ထက်ထွန်းတို့ ဖြစ်ကြောင်း ရက္ခိုင်တပ်တော်အေအေရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
အဲဒီတိုက်ပွဲမှာ လက်နက်ချအဖမ်းခံလိုက်သူ ၁၄ ဦးလုံး နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၂) မှ ဖြစ်နေတာကြောင့် သတင်းပေါက်ကြားမှု သံသယနဲ့ အရာရှိ၊ အရာခံ၊ တပ်သား ၂၀ ကျော်အား ပြောင်းမိန့်ထုတ်ပြန်ပြီး အေအေ ထံလက်နက်ချ အဖမ်းခံရသူ ၁၄ ဦးကိုလည်း ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ အမည်မဖော်လိုတဲ့ နယ်ခြားစောင့်အရာရှိက ပြောပါတယ်။
“လက်နက်တွေနဲ့ ဗုံးသီးတွေ တင်ထားတဲ့ ကာားက နခခ (၅) မြို့သူကြီးမှာလည်း ညအိပ်ခဲ့တာ။ မနက်ပိုင်း မြောက်ပိုင်းကို သွားပို့တဲ့အခါ နခခ (၅) က နယ်ခြားစောင့်တပ်သားတွေ ပါသလို ကျနော်တို့ နခခ (၂) ကလည်း ပါတယ်။ နောက်ပြီး ကြိမ်ချောင်း နခခ (၇) ကလည်း ပါတယ်။ တိုက်ပွဲဖြစ်တော ကျနော်တို့ နခခ (၂) က တစ်ဦး ကျဆုံးတယ်။ ၁ ဦး ပျောက်သွားတယ်။ အရာရှိအပါအဝင် ၁၄ ဦးလုံး လက်နက်ချ အဖမ်းခံလိုက်တော့ နခခ (၂) က လူတွေကို သံသယဖြစ်သွားတာပါ။”
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၆ လောင်းကို အေအေက ရရှိခဲ့ပြီး ဆွဲယူသွားတဲ့ အလောင်းနဲ့ ဆေးရုံရောက် အလောင်းတွေ အပါအဝင် စုစုပေါင်း ၂၀ ခန့် ရှိနိုင်ကြောင်း AA ဘက်က ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၁၈ ရက်နေ့က ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်ကား တစီးကို မိုင်းခွဲ တိုက်ခိုက်မှုတွေအပြီး ဇူလိုင် ၂၀ ရက်နေ့ မနက် ၄ နာရီမှာ ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၀၇/၃၂၆/၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။