Home
မြန်မာသတင်း
ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၃ ဦးသေ၊ ၇ ဦးခန့် ဒဏ်ရာရ
DVB
·
August 23, 2022
300222831_186255530527538_7536659122644248091_n

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းမှာ သြဂုတ် ၂၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG အနောက်ပိုင်းတိုင်း တပ်ရင်း(၇၀၈ )၊ တပ်မဟာ-၇ ကနေ သိရပါတယ်။

တပ်ရင်း ၇၀၈၊ တပ်မဟာ ၇ တာဝန်ခံ ကိုတေဇက “စစ်(...)တွေဟာ ရွှေဘုံသာရွာနဲ့ တခြားရွာတွေက ပျူ(...)တွေပေါင်းပြီး အင်အား ၁၀၀ လောက်ပါတဲ့စစ်ကြောင်းက သြဂုတ်လ ၂၂ ရက်နေ့ နေ့လယ် ၁နာရီလောက်က ဂွေးဂုဏ်ရွာနားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်(...)တွေဘက်က ၃ ယောက်သေဆုံးက ၇ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်”လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကို  တပ်ရင်း ၇၀၈၊ တပ်မဟာ ၇ ၊ PRF၊ PKU-GZ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ MUGDF နဲ့ ပေါက်မြောက်ပိုင်း ဗိုလ်မီးခဲအဖွဲ့တို့ ပူးပေါင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ ရဲဘော် ၃ ယောက် ကျည်ဆန်ရှပ်မှန်လို့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ စသိန်း၊ ညောင်ရင်း၊ ဂွေးဂုဏ်၊ ဝက်ပုတ်နဲ့ ဂွေးပင်အင်းရွာတွေကို ၃ ရက်လောက်မီးပတ်ရှို့ပြီး အထိုင်ချဖို့ကြိုးစားနေလို့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ် အင်အား  ၅၀ လောက်ကတော့ ချောင်းကူးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ အရေအတွက်ကို  သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

ပေါက်မြို့နယ်မြောင်ပိုင်းက ကျေးရွာ ၃ ရွာကို သြဂုတ် ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာလည်း စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့လို့ အိမ်ခြေ ၈၀ လောက်မီးလောင်ကျွမ်းခဲ့ပါတယ်။

ဒါ့အပြင် စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရင်း နာမကျန်းဖြစ်နေတဲ့ အသက် ၇၀ အရွယ် အဘွားအိုတယောက်သေဆုံးကာ ပြည်သူတွေပိုင်ဆိုင်တဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးကို စစ်တပ်က ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024