
မြန်မာပြည်တွင်း ဒေါ်လာဈေးတွေနဲ့ စက်သုံးဆီဈေး အဆမတန်မြင့်တက်လာတာနဲ့အမျှ မွန်ပြည်နယ်၊ ရေးမြို့နယ်ဘက်က ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသနေ ပြည်သူတွေမှာ စားဝတ်နေရေး ပိုမိုခက်ခဲလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “အခုက မိုးရာသီလည်း ဖြစ်တော့ ကားလမ်းတွေက သွားလာလို့ မရဘူး။ ဆိုင်ကယ်နဲ့ကလည်း အခုဆီ ဈေးနဲ့က ပစ္စည်းသယ်ပို့ခတွေနဲ့ ဆို ကုန်ကျစရိတ်က နှစ်ဆ တက်တယ်။ စားသောက်ကုန်တွေလည်း မြို့ပေါ်ဈေးတွေထက် ဈေးက ပိုကြီးသလို တခါတလေ စားစရာ သောက်စရာတွေ ပြတ်လပ်ခဲ့တယ်။ အိမ်သုံးဆေးဝါးတွေကအစ ပြတ်လပ်သလို ကျန်းမာရေးကိစ္စနဲ့ ဆို အခက်ခဲတွေ ဖြစ်ကြတယ်”လို့ ပြောပါတယ်။
ဒေသခံ နောက်တဦးကလည်း “မြို့ပေါ်မှာ စားသုံးဆီ တထုပ်ကို ကျပ် ၅၀၀၀ ကျော်၊ ကျေးလက်ဒေသမှာ ကျပ် ၆၀၀၀ အထိ ဖြစ်သလို ဆန်ဆို တန်ဖိုးနည်းတဲ့ ဆန်ကြမ်းတွေပဲ ဝယ်စားနိုင်တယ်။ ကျန်းမာရေးကြောင့် ဆေးခန်းပြဖို့ဆို ညဘက်ဆို အရေးပေါ်လူနာတွေ သွားမရ လာမရတော့ အခက်အခဲမျိုးစုံနဲ့ ကြုံရတယ်”လို့ ပြောပါတယ်။
နယ်ကျေးရွာအစွန်းဖျားဒေသဘက်တွေမှာ ဥယျာဉ်ခြံလုပ်ငန်းကို အများဆုံး မှီခိုလုပ်ကိုင်နေရပေမဲ့ ခြံထွက်ပစ္စည်းတွေက ဈေးကမရတော့ အခု ကုန်ပစ္စည်းဈေးနဲ့ဆို ဘယ်လိုမှတွက်ခြေတွေ မကိုက်ကြသလို ဝေးလံခေါင်းပါးတဲ့ နယ်ကျေးရွာ ရေးချောင်းဖျား မြောက်ပိုင်း တောင်ပိုင်းဘက်က ရွာပေါင်း ၁၀ ရွာလောက် ရှိနေတာပါ။
စစ်တပ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်းမှာ ကုန်စျေးနှုန်းတွေ စံချိန်တင် ဈေးကြီးလာတာကြောင့် အလုပ်ကိုင်ရှားပါးလာခဲ့သလို ခိုးဆိုးလုယက်မှုတွေမှာ တနေ့တခြား မွန်ပြည်နယ်အတွင်းမှာ စတင်ဖြစ်ပွားလာနေပြီး လူသေဆုံးမှုပါ ရှိလာနေပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ လာမယ့် ၆ လအတွင်း စီးပွားရေးဦးမော့လာအောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပေမယ့် စီးပွားရေးသုတေသီတွေကတော့ မအောင်မြင်နိုင်ဘူးလို့ သုံးသပ်ထားပါတယ်။