ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်ခင်ကြည် အမည်ပေါက် ခြံအမှတ် ၅၄ အမွေအမှု ဦးအောင်ဆန်းဦးကို လျှောက်ထားတဲ့အတိုင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အနိုင်ပေးလိုက်တယ်လို့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ခြံအမှတ် ၅၄ အမွေခွဲဝေမှုနဲ့ပတ်သက်ပြီး အမိန့်ချပြီးဖြစ်ပေမယ့် ဦးအောင်ဆန်းဦးက စစ်ကောင်စီလက်ထက်မှာ အထူးအယူခံထပ်တင်ခဲ့ပြီး သြဂုတ် ၂၂ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချလိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ္။
ဒီအမှုနဲ့ပတ်သက်လို့ ခြံထဲက နှစ်ထပ်တိုက်ပါဝင်တဲ့အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်၊ တထပ်တိုက်ပါတဲ့အခြမ်းကို ဦးအောင်ဆန်းဦးတို့ အသီးသီးခွဲဝေယူကြဖို့ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချပြီး ဖြစ်ပါတယ်။
ဒါကို မကျေနပ်တဲ့ ဦးအောင်ဆန်းဦးက အယူခံအဆင့်ဆင့်တက်ခဲ့ပေမယ့် ပလပ်ခံခဲ့ရတဲ့အတွက် အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အထူးအယူခံထပ်တက်တာ ဖြစ်ပါတယ်။
“ပထမ တယောက်တဝက်ခွဲပြီးသား။ ဒါပေမဲ့ ဒေါ်ခင်ကြည်က သူ့တူ ဦးခင်မောင်အေးကို စာချုပ်စာတမ်းနဲ့ အဲခြံထဲမှာ မြေကွက်လေးတကွက်ပေးထားခဲ့တယ်။ ပထမ ခွဲဝေတဲ့အမိန့်မှာ အဲဒါကို ဖယ်ပြီး ခွဲဝေထားတာ။ အန်တီကလည်း အဲဒါကို ကျေနပ်တယ်။ အဲဒါကို လိုချင်တဲ့သူ (ဦးအောင်ဆန်းဦး) အယူခံတက်တဲ့သူက အဲဟာပါ သူရသင့်တယ်ဆိုပြီး တက်တာ။ အဲဒါကို ခွင့်ပြုလိုက်တာ။ အမေ လုပ်ခဲ့တာကို သားက ဖျက်လိုက်တာပဲ။ ဒေါ်ခင်ကြည်တူ (ဦးခင်မောင်အေး) ကတော့ ဘာမှမရတော့ဘူးပေါ့” လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဒီနေ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စုံညီခုံရုံးထိုင်ကာ အမိန့်ချလိုက်တာဖြစ်တဲ့အတွက် အမှုမှာ အပြီးသတ်ဖြစ်သွားပြီလို့လည်း ဆိုပါတယ်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်ခင်ကြည်အမည်ပေါက် ခြံအမှတ် ၅၄ ဟာ အကျယ်အ၀န်း ၁ ဒသမ ၉၂၃ ဧကရှိတယ်လို့ သိရပါတယ်။