
မကွေးတိုင်း ဂန့်ဂေါမြို့နယ်အခြေစိုက် ဂန့်ဂေါ PDF တပ်ရင်းရဲ့ တပ်ခွဲဖြစ်တဲ့ PDF တပ်ခွဲ ၁၂ ရဲ့ စခန်းကို ဩဂုတ် ၂၂ ရက် မနက် ၁၀နာရီမှာ စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက ပြောပါတယ်။
ဂန့်ဂေါမြို့နယ် မင်းရွာဘက်ကနေ စစ်တပ်က စခန်းရှိရာကို လက်နက်ကြီးနဲ တရစပ် ပစ်ခတ်ထိုး စစ်ဆင်လာတာကြောင့် စခန်းကို စွန့်လွှတ်လိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။
"စခန်းမှာက အစောင့် တပ်သား တချို့ပဲ ကျန်ခဲ့တာ။ သူတို့လည်း ထွက်ပြေးရတယ်။ တချို့ လက်နက်ပစ္စည်းတွေကိုတော့ နေရာ ရွှေ့လိုက်နိုင်တယ်။ စခန်းအတွက် စုထားတဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်။ ပျက်စီး ဆုံးရှုံးမှု တန်ဖိုးတော့ မသိရသေးဘူး။ စခန်းနားက ယာစောင့်တဲတွေကိုလည်းမီးရှို့ဖျက်ဆီး သွားတယ်”
မီးရှို့ပြီး ပြန်လာတဲ့ အဲဒီစစ်တပ်နဲ့ အောင်မြင်ရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေး ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုကိုတော့ အတည်မပြုနိုင်ခဲ့ဘူး လို့ သူက ပြောပါတယ်။
တိုက်ပွဲအပြီး စစ်တပ်က အောင်မြင်ရွာက နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးသွားပြီး ရွာသား ၂၀၀ ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဂန့်ဂေါ PDF တောင်ပိုင်းရဲ့ တာဝန်ခံက ပြောပါတယ်။