Home
ဆောင်းပါး
ပဋိပက္ခကွင်းပြင်ပေါ်က မြေစာမြက်တို့ရဲ့ဘဝများ (သတင်းဆောင်းပါး)
DVB
·
August 22, 2022

ပဋိပက္ခဆိုတဲ့ ဝေါဟာရဟာ ပါဠိဝေါဟာရ ကနေ ဆင်းသက်လာတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး၊ တစ်ဘက်နဲ့ တစ်ဘက် မပြေလည်မှုတွေ၊ သဘောထားချင်း မတိုက်ဆိုင်တာတွေ၊ အနိုင်ကျင့်ဗိုလ်ကျတာတွေကနေတဆင့်  ဖြစ်ပေါ်လာရတယ်လို့  လေ့လာသိရှိရပါတယ်။

လက်ရှိအခြေနေမှာတော့ ကျနော်တို့ မြန်မာနိုင်ငံဟာလည်း နေ့စဥ်နဲ့ အမျှ ပဋိပက္ခ နွံ့အိုင်ထဲမှာနစ်မြုပ်နေပြီလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ဒီကမ္ဘာလောကကြီးတစ်ခုလုံးမှာ နိုင်ငံ တစ်နိုင်ငံချင်းဆီကအစ ကိုယ့်မိသားစု အသိုင်းအဝိုင်းအထိ ပဋိပက္ခမျိုးစုံကြုံတွေနေကြရတယ်ဆိုတာ ငြင်းဆန်လို့ မရနိုင်ပါဘူး။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအများစုကတော့ လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဗိုလ်ကျအုပ်ချုပ်ရာကနေ တန်းတူ အခွင့်အရေးတွေမရရှိတာကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်ရတာ ဖြစ်ပါတယ်။

အဲဒီ ပဋိက္ခတွေကနေတဆင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြားမှာ ထိခိုက်မှု အများဆုံး ဖြစ်ရတာကတော့ မြေစာပင်တွေဖြစ်တဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးစည်းစိမ်တွေလို့ပဲ ဆိုရမှာပါ။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ပြည်နယ်နဲ့ပြည်မ မညီမျှမှုတွေကနေတဆင့် ပဋိပက္ခတွေ အမြစ်တွယ်လာခဲ့ပြီး တိုင်းသားတွေ နေထိုင်ရာဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပါပြီ။

အဲဒီ ပဋိပက္ခတွေကြားထဲမှာ ရှင်သန်မှုတခုရရှိနိုင်ဖို့ ဘေးလွတ်ရာနေရာတွေကို အကြိမ်ကြိမ်အခါခါ အသက်လုပြီး ထွက်ပြေးတိမ်းရှောင်ကာ ဒုက္ခမျိုးစုံကို ခါးစည်းခံခဲ့ရတာတော့ ဘာမှအပြစ်မရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေပါပဲ။

စစ်အာဏာရှင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကြားမှာ ပြေးရင်းလွှားရင်း၊ ပုန်းရင်းခိုရင်းနဲ့ ပေးဆပ်လိုက်ရတဲ့ အသက်တွေ၊ အရိုးတွေတောင်လိုပုံနေပြီ ဆိုတာ မှားမယ်မထင်ပါဘူး။ စစ်အာဏာရှင်တွေဟာ ဒါတွေကို မသိလို့ ကျူးလွန်နေတာမဟုတ်ဘူး။ သိသိနဲ့ ရည်ရွယ်ချက်ရှိရှိ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး ကျူးလွန်နေကြတာသာ ဖြစ်ပါတယ်။

ဪမြေစာမြက်ဆိုလို့ပြောရဦးမယ်။ အဲဒီမြေစာမြက်တွေထဲမှာအာဏာရှင်တို့ရဲ့ ကျေးကျွန်တွေဖြစ်ကြတဲ့ ခြင်းကြားတပ်သားတွေ ပါသေးသလို သူတို့ကို တော်လှန်ပုန်ကန်ရင်း တိုင်းပြည်နဲ့လူမျိုးအတွက် အသက်တွေပေးလှူလိုက်ရတဲ့ အာဇာနည်သူရဲကောင်းတွေလည်း အများအပြား ပါဝင်တာပေါ့။

တိုင်းရင်းသက်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ငြိမ်းရေးလည်း မတည်ဆောက်နိုင်ပဲ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥအောက်ကနေ ပြည်သူလူထုကို ဂျင်းထည့်ပြီး ရွှေရည်စိမ်ရွေးကောက်ပွဲကိုတော့ ၂၀၁၀ ပြည့်နှစ်မှာ  ဇွတ်တရွတ်ပြုလုပ်ခဲ့ကြပြီး သူတို့ဖန်တီးပေးထားတဲ့ ကြံ့ဖွတ်ပါတီကို အနိုင်ပေးကာ စစ်တပ်ယူနီဖောင်းကနေ အရပ်ဝတ်ပြောင်းဝတ်လိုက်တဲ့ ဦးသိန်းစိန်ဟာ နိုင်ငံတော်သမ္မတဖြစ်လာတော့တယ်။ သူတို့ လူ လက်ထဲကိုတောင် အာဏာအပြည့်အဝ မလွှဲပြောင်ပေးရဲဘဲ အရေးကြီးတဲ့ဝန်ကြီးဌာနတွေကို ကာချုပ်ကပဲ ကိုင်တွယ်ထားသလို သမ္မတကလည်း ကာချုပ်ကို တိုက်ရိုက် အမိန့်ပေးခွန့်မရှိဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ ကာလုံဆိုတာလည်း တဆင့်ခံထားသေးတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD တီကတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာတော့ ၉၉ ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် ၄၃ နေရာကို ဝင်ရောက်လာခဲ့တယ်။ ကြံ့ဖွတ် ဦးသိန်းစိန်အစိုးရ ၅ နှစ်တာ အုပ်ချုပ်ခဲ့ပြီးတော့  ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာတော့ အန်အယ်လ်ဒီပါတီက ၆၀ ဒသမ ၂၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့စည်းနိုင်ခဲ့တယ်။

၆၀ ရာခိုင်နှုန်း ကျော်ဆိုလို့လွှတ် တော်ကိုယ်စားလှယ်နေရာ အားလုံးကို နိုင်ငံရေးပါတီတွေက ပြိုင်ခွင့်မှမရှိတာ။ ပြည်သူတွေ မရွေးချယ်တဲ့ မိုးကျရွှေကို စစ်ယူနီဖောင်းဝတ် အစိတ်သားက လွှတ်တော်ကိုယ်စားလှယ် ထိုင်ခုံတွေမှာ ဇွတ်ထိုင်ထားကြတာလေ။

NLD ပါတီ အစိုးရဖြစ်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ၅ နှစ်တာအုပ်ချုပ်ပြီးနောက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ မှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာလည်း  NLD ပါတီက မဲအပြတ်သတ်နဲ့ အနိုင်ရရှိသွားပြန်တော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ငယ်ထိပ်ကို မြွေပေါက်ခံရတော့တာပါပဲ။

အာဏာရူး မင်းအောင်လှိုင်ဟာ မဲစာရင်းမှားတယ်လို့ စွပ်စွဲပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥကို ချိုးဖောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတဦးဝင်းမြင့်တို့ အပါအဝင် အစိုးအဖွဲ့ကို မတရားဖမ်းဆီးပြီး အာဏာသိမ်းလိုက်ပါတော့တယ်။

နှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တဲ့ ပဋိပက္ခတွေကို မဖြေရှင်းဘဲ မင်းအောင်လှိုင် အာဏာထရူးလိုက်တော့ နိုင်ငံတဝန်းက ဝန်ထမ်းတွေနဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကမ်ပိန်းတွေ၊ CDM လှုပ်ရှားမှုတွေနဲ့ လူထုဆန္ဒပြသပိတ်တွေပေါ်ပေါက်လာပြီး ပဋိပက္ခတွေ ပိုမိုကြီးထွားလာတော့တာပေါ့။

စစ်ခေါင်းဆောင်ကတော့ သူ့ဆရာတွေထုံးကို နှလုံးမူပြီး ၈၈ လူထုအရေးတော်ပုံတုန်းကလိုမျိုး အကြမ်းဖက်တဲ့နည်းနဲ့ ဖြေရှင်းတော့တာပါပဲ။ ဒါကိုလည်း လူထုက လုံးဝနောက်မဆုတ်သွားဘဲ ၈၈ က အကြွေးဟောင်း ၂၁ မှာအပြီးတောင်းဆိုတဲ့ ကြွေးကြော်သံတွေက ကမ္ဘာတဝန်း ပျံ့နှံ့သွားပါတော့တယ်။

လူထုဆန္ဒကို မျက်ကွယ်ပြုပြီး ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးနေတဲ့ စစ်အုပ်စုကို ဆန္ဒပြနေရုံနဲ့ မရတော့လို့ GZ လူငယ်တွေအများစုပါဝင်တဲ့ ပြည်သူတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထူထောင်ကာ စစ်အာဏာရှင်ကို ရရာလက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်တော့တာပါပဲ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နှစ်ပေါင်း ၇၀ ကျော်လောက် အမြစ်တွယ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကို မဖြေရှင်းနိုင်တဲ့ အပြင် နိုင်ငံအနှံ့အပြားက PDF တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်လာရပါတော့တယ်။

ဒီလိုနဲ့ပဲ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာလည်း ပဋိပက္ခ ကွင်းပြင်ကြီးကို နေ့စဉ်နဲ့ အမျှကျော်ဖြတ် ကြရတော့တာပါပဲ။ မကွေး၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်တွေမှာ PDFထိန်းချုပ်နယ်မြေတွေ များလာတော့  စစ်အာဏာရှင်တွေလုပ်နေကျအတိုင်းဘဲ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်၊ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာတွေ ဆက်တိုက် ကျူးလွန်လာပါတော့တယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုပေမဲ့ ရရာလက်နက်တွေနဲ့ တော်လှန်နေကြရတာဖြစ်လို့ စစ်ကောင်စီဘက်က လက်နက်အင်အား လူအင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီ ဆိုရင် ပြည်သူလူထုကို ကာကွယ်ပေးနိုင်ဖို့ နေနေသာသာ သူတို့ရဲ့စခန်းတွေကိုတောင် မကာကွယ်နိုင်ကြပါဘူး။ ပြည်သူတွေ အဖမ်းမခံရအောင် ကယ်ထုတ်ပေးပြီး ဘေးလွတ်ရာနေရာတွေ ကို ထွက်ပြေး တိမ်းရှောင်ကြရတော့တာပါပဲ။

မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက “ စစ်(...)တွေနဲ့ ပျူ(...)တွေဟာ စစ် ကြောင်း နှစ်ကြောင်း ခွဲပြီး သြဂုတ်လ ၇ ရက်နေ့ကတည်းက မီးစရှို့ကြတာဗျ။ မြိုင်မြို့နယ်ဘက်က သာစည်၊ နှမ်းဆီကန်၊ အိုရင်း၊ ရွာသစ်၊ ပေါက်ပင်ကိုင်း၊ ပန်းတိုင်းတော၊ ညောင်ရွာ၊ ကာယာကောင်းကျေးရွာတွေနဲ့ ပခုက္ကူနယ်ကသစ်ပုလွေကုန်းရွာနဲ့ ပေါက်မြို့နယ်ဘက်က ရေထွက်၊ ရှားစေးချက်ရွာတွေက အိမ်ခြေ ၂၀၀ နီးပါးလောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတာ” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာချိန်တွေမှာ ဒေသခံပြည်သူတွေကို PDF  ရဲဘော်တွေက သွားရောက်ကယ်ထုတ်ပေးကြသလို  စားရေးသောက်ရေးအတွက်လည်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေက စီစဥ်ပေးတယ်။ 

တချို့ရွာသားတွေကတော့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်တဲ့ ဆွေမျိုးတွေဆီမှာ သွားရောက်နေထိုင်ကြရပြီး ကျန်းမာရေးစောင့်ရှောက်မှုကတော့  ဆရာဝန်ရှိတဲ့ တပ်ဖွဲ့တွေက လှည့်လည်ကုသပေးတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ် တွင်းမရွာကနေ အရှေ့မြောက်ဘက်ကို စစ်ကောင်စီတပ်က အင်အား  ၁၀၀နဲ့ စစ်ကြောင်းထိုးလာပြီး တွင်းမရွာကနေ အနောက်ဘက်ကိုလည်း အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းတစ်ကြောင်းထိုးလာကာ  ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးကာ ရွာသားတချို့ကို ဖမ်းဆီးသွားတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ပန်းတိုင်းတောကျေးရွာသားတယောက်ကတော့ “တွင်းမကနေ စစ်ကြောင်းထိုးလာတဲ့ စစ်(...)တွေဟာ သြဂုတ်လ ၉ ရက်နေ့မှာ ကျနော်တို့ ပန်းတိုင်းတောရွာနားက တဲတိုက် နှစ်လုံးကို မီးရှို့ပြီး မင်းဂံဘက်က ပခုက္ကူ-PDF စခန်းကိုမီးရှို့ကာ မင်းဂံဘုန်းကြီးကျောင်းမှတပ်စွဲတယ်။ည ၁၂ နာရီလောက်မှာတော့ စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့မြေနုတို့ ပေါက်ပင်ကိုင်းဘက်တွေကို ဝင်မွှေပြီး ပေါက်ပင်ကိုင်းရွာက ပြည်သူ သုံးယောက်နဲ့ မင်းဂံရွာက ပြည်သူတစ်ယောက်ကို ဖမ်းပြီး ပေါက်ပင်ကိုင်းရွာက အိမ်ခြေ ၃၈ လုံးလောက် ကိုမီးရှို့ဖျက်ဆီး ခဲ့ကြတယ်”လို့ ပြောပါတယ်။

ပန်တိုင်းတောက ပြည်သူ ၃ ယောက်ကိုလည်း စစ်တပ်က ဖမ်းပြီး အဲဒီနေ့မှာဘဲ ညောင်ရွာက အိမ်ခြေ ၁၀ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကာ ကာယာကောင်းရွာမှာလည်း  အိမ် နှစ်လုံးမီးထပ်ရှို့ခဲ့ပါတယ်။

စစ်ဘေးရှောင်ရာမှာ ညဘက်ကြီးတွေထွက်ပြေးရလို့ အရမ်းဒုက္ခရောက်တဲ့ အကြောင်း ဆိုင်ကယ်တွေဆိုရင်လည်း အသံမကြားအောင်တွန်းထုတ်ပြီးမှ ထွက်ပြေးခဲ့ကြောင်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်လည်း စစ်ဘေးရှောင်ရင်း  လမ်းမှာ မီးဖွားခဲ့ရသေးတယ်လို့  ဒေသခံကပြောပါတယ်။

ဆိပ်ဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ ဇူလိုင် ၇ ရက်မှာ အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့  တောထဲကို ထွက်ပြေးတိမ်းရှောင်ရင်း ၄ လလောက် လွယ်ထားတဲ့ ကိုယ်ဝန်ပျက်ကျခဲ့ရတယ်လို့ အိုင့်ကျေးရွာက ကိုယ်ဝန်ပျက်ကျခဲ့ရတဲ့ မမြင့်အေး(အမည်လွှဲ)က ပြောပါတယ်။

“ကျမမှာ သူတို့ စစ်(…)တွေ​စစ် ကြောင်းထိုးလာတော့ ၃ နှစ်အရွယ်နဲ့ ၁၂ နှစ် အရွယ် ကလေး ယောက်ရဲ့ လက်ကိုဆွဲပြီး အသက်ဘေးကလွတ်အောင်တောထဲကိုထွက်ပြေးခဲ့ရလို့ လမ်းမှာပဲ ကိုယ်ဝန်ပျက်ကျခဲ့ရတာ။ သွေးနုသားနုနဲ့ တောထဲမိုးရွာထဲမှာ ၃ ရက်လောက် အငတ်ငတ် အပြတ်ပြတ်နေခဲ့ကြရတာ။ လူ့လောကထဲကိုရောက်မလာသေးတဲ့ ရင်သွေးလေးကတော့ ဆုံးရှုံးလိုက်ရတာပေါ့။”

ဒါတင် ဘယ်ကမလဲ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာကို  ဇူလိုင်  ၉ ရက်နေ့က စစ်ကောင် စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ရင်း လူစုကွဲသွား ကလေး ၂ ယောက်မိခင် အသက် ၃၀ ကျော် အရွယ် အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်သားတွေက မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့ကြတယ်လို့ ပိုင်းကျေးရွာက ဒေါ်ဇီးကွက်(အမည်လွှဲ)ပြောပြပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရွှေပန်ကျေးရွာမှာလည်းဒေသခံ အမျိုးသမီး ၄ ယောက်ကို ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက် အထိ ၂ ရက်ဆက်တိုက် မုဒိန်းကျင့်ခဲ့ကြတယ်လို့ ရွှေပန်းကျေးရွာ ဒေသခံ မမြညို(အမည်လွှဲ)က ဆိုပါတယ်။

ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ တွေ့သမျှ ရွာသားတွေရဲ့ အသုံးအဆောင်တွေ၊ အဖိုးတန်ပစ္စည်းတွေ စားနပ်ရိက္ခာတွေ အကုန်ယူသွားကြတဲ့ အပြင် ရွာသားတွေ မွေးထားတဲ့ ဆိတ်၊ ကြက်စတာတွေ သတ်ဖြတ်စားသောက်ခဲ့ကြသေးတယ်လို့ ရွာသားတွေက ပြောပါတယ်။

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက လှေခုတ်ကျေးရွာနဲ့ ငတမျှော်(ငတရော်)ကျေးရွာတွေကို လည်း ဩဂုတ် ၁၃ ရက်ကနေ ၁၈ ရက်အထိ  စစ်ကောင်စီတပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့ကြလို့ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၆၀၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရပြီး ငတမျှော်ကျေးရွာ ဆိုရင်ရွာလုံးကျွတ်ပြာကျခဲ့ရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ ဩဂုတ် ၁၇ ရက် မနက် ၈ နာရီကျော်လောက်မှာ ရေယှားရွာဘက်ကနေ လက်နက်ကြီးလက် နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ တရွာလုံး အသက်လုပြီးထွက်ပြေးခဲ့ရတယ်လို့  တမျှော်ကျေးရွာက မမျိုးမျိုးခိုင်(အမည်လွှဲ)ကပြောပါတယ်။

“မနက် ၁၁ နာရီလောက်မှာ ရွာမြောက်ဖျားက ဆန်စက်၊ ဆီစက်တွေကနေ ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းအထိ မီးရှို့ဖျက်ဆီးခဲ့ကြလို့ ရွာလုံးကျွတ်ပြာကျခဲ့ရတယ်။ ရွာကိုပြန်လို့ ရရင်တောင် နေစရာအိမ်က မရှိတော့ပါဘူး။ မီးမလောင်တဲ့နေရာတွေ၊ ဘုန်းကြီးကျောင်းဝင်းထဲတွေမှာ မိုးကာတွေ ၊ ထန်းကလက်တွေမိုးပြီး သစ်လုံးလေးတွေနဲ့ ဖြစ်သလို နေကြရတော့မယ်။”

စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ အထိနာပြီဆိုတာနဲ့ လေကြောင်းကနေတိုက်ခိုက်တာတို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတို့ ဆက်တိုက်ပြုလုပ်လေ့ရှိပါတယ်။ ကရင်နီပြည်နယ် လွိုင်လင်လေးမြို့နယ် ဒေါပါပါးကျေးရွာနားကိုလည်း ဩဂုတ် ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၇၀ အရွယ် အဘိုးအိုတစ်ယောက်သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရှိခဲ့တယ်။

စာသင်ကျောင်းမှာ စာသင်နေကြတဲ့ ကလေးငယ်တွေနဲ့ ဆရာဆရာမတွေဟာလည်း ဘေးလွတ်မယ်ထင်တဲ့ နေရာတွေကို ထွက်ပြေးပုန်းခိုပြီး ဘုရားစာတွေရွတ်ဆိုခဲ့ကြရတယ်လို့ ကရင်နီပြည်နယ်ဒေသခံတစ်ယောက်က ပြောပြပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာလည်း ရက္ခိုင့်တပ်တော်-AA နဲ့ စစ်ကောင်စီတပ်တွေ စစ်ရေးတင်းမာပြီး တကျော့ပြန်တိုက်ပွဲတွေ စတင်လာပါတော့တယ်။ AA တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ရဲတွေနဲ့ သူတို့နဲ့ ဆက်နွှယ်သူတွေကို ဖမ်းဆီးတာတွေရှိသလို စစ်ကောင်စီဘက်ကတော့ အပြစ်မဲ့ အရပ်သားတွေကို  မတရားဖမ်းဆီးနေတယ်လို့ ကျောက်တော်မြို့ခံက ပြောပါတယ်။

စစ်ရေးတွေတင်းမာနေသလို စစ်ကောင်စီဘက်က ကုန်စည်ပို့ဆောင်တာတွေ တားမြစ် ကန့်သတ်တာတွေကြောင့် အပြစ်မဲ့ ပြည်သူတွေဟာ စားဝတ်နေရေး ကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ အေအေတပ်တို့ တိုက်ပွဲတွေ ပြန်ဖြစ်နေလို့ ကျောက်တော်-ပလက်ဝ ရေကြောင်း ခရီးသွားလာခွင့်တွေကို စစ်ကောင်စီက ပိတ်ဆို့တားမြစ်လိုက်လို့ ကုန်ဈေးနှုန်း ၃ ဆလောက် မြင့်တက်နေပြီး ပြည်သူတွေ စားဝတ်နေရေး အခက်ခဲကြုံတွေ့နေရတယ်လို့ ပလက်ဝမြို့ ဒေသခံတစ်ယောက်က ပြောပြပါတယ်။

အလားတူ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တွေအပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားတွေက စစ်ရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ  ဆက်တိုက် ကျူးလွန်နေကြပါတယ်။ အဆိုးဆုံးကတော့ ပြည်တွင်းစစ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်လို့ အပြစ်မဲ့ ပြည်သူတွေ အများအပြားဆုံးရှုံးကြရသလို အိုးအိမ်ပေါင်းများစွာလည်း ပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။

မြေစာမြက်တို့နဲ့ အလားသဏ္ဍာန်တူတဲ့ ပြည်သူလူထုရဲ့ ဘဝတွေကတော့ မိုးလင်းကနေမိုးချုပ်တဲ့အထိ ဘယ်နေရာတိုက်ပွဲ ဖြစ်မလဲ၊ ဘယ်အချိန် လေယာဉ်နဲ့ဗုံးလာကြဲမလဲ ၊ ဘယ်နေရာက လက်နက်ကြီးနဲ့ လှမ်းထုမလဲ၊ ဘယ်အချိန်မှာ စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့ ဖျက်ဆီးခံကြရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ နေထိုင်ကြရတဲ့အပြင် ကုန်ဈေးနှုန်းတွေအဆမတန် မြင့်တက်လာလို့ စားဝတ်နေရေး အခက်အခဲကို နေ့တဓူဝ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ​PDF တွေက ကျေးရွာတွေကိုမီးရှို့ ​ဖျက်ဆီးတယ်။ အကြမ်းဖက်လုပ်ရပ်ကို ဆက်တိုက်ကျူးလွန်နေတယ်လို့ သတင်းစာရှင်လင်းပွဲတွေမှာ ဆက်တိုက်ပြောဆိုနေသလို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း ရွာတွေကို စစ်တပ်က မီးရှို့တာမရှိဘူးလို့ ဗြောင်ငြင်းဆိုထားပေမဲ့  မြန်မာပြည်သူတရပ်လုံးကရော နိုင်ငံတကာကပါ ယုံကြည်သူမရှိပါဘူး။

စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းကာ ကုန်ဈေးနှုန်းတွေဟာလည်း အဆပေါင်းများစွာမြင့်တက်လာလို့ ပြည်သူလူထုတွေဟာ စီးပွားကျပ်တည်း ထမင်းနပ်မှန် အောင်စားနိုင်ဖို့တောင် မလွယ်ကူတော့တဲ့ ဘဝကို ရောက်သွားပါပြီ။

ဝင်ငွေရတဲ့ အလုပ်အကိုင် အခွင့်လမ်းကလည်း မရှိ။ ရှိတာကို လုပ်ကိုင်နေတဲ့ လူတွေကျပြန်တော့ လည်း ဟိုနေရာမသွားရ ဒီနေရာမသွားရ။ ဒီကြားထဲမှာ စစ်ကိုင်းနဲ့ မကွေး မှတ်ပုံတင်ကိုင်ထားသူတွေကို အလုပ်ကနေ ထုတ်ပယ်တယ်ဆိုတဲ့ အသံတွေကလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့သလို ခရီးသွားရင် စစ်ဆေးရေးဂိတ်တွေမှာ နည်းလမ်းမျိုးစုံနဲ့  ဒုက္ခပေးတာတွေ ရှိနေပါတယ်။

ဝင်ငွေမရှိ၊ အလုပ်လက်မဲ့တွေများပြားပြီး စားဝတ်နေရေး မပြေလည်မှုတွေရဲ့ နောက်ဆက်တွဲ ကတော့ ခိုး၊ ဆိုး ၊ လု၊ နှိုက်၊ ဓားပြတိုက်မှုတွေနဲ့ လူသတ်မှုတွေအထိ ဒုစရိုက်မှုပေါင်းစုံ ပေါများလာပါတော့တယ်။ နိုင်ငံတော် အာဏာကို မတရား လုယူထားတော့ တရားဥပဒေ စိုးမိုးရေး လုပ်ပေးနိုင်ဖို့နေနေသာသာ သူတို့အသက်ကိုတောင်သူတို့ အကာကွယ်မပေးနိုင်တော့ပါဘူး။

မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်တွေအားလုံးနဲ့ နိုင်ငံတကာကိုရောက်နေတဲ့ မြန်မာပြည်သူလူထု တရပ်လုံးက အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ပုန်ကန်နေကြသလို တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေမှာ တိုက်ပွဲတွေ နေ့စဉ်နဲ့ အမျှဖြစ်ပွားနေလို့ ပဋိပက္ခကွင်းပြင်ကြီးဟာလည်း ပိုမိုကျယ်ပြန့်လာတော့တာပါပဲ။

အဲဒီကွင်းပြင်ပေါ်က မြေစာမြက်တို့ရဲ့ ဘဝတွေကတော့ ပြာပုံတွေထဲမှာ အိုးမဲ့အိမ်မဲဖြစ်သွားသူတွေ ၊ စစ်ကောင်စီရဲ့ ဝေဟင်မြေပြင်တိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံး ဒုက္ခတိဖြစ်သွားတဲ့သူတွေ၊ တောင်ယာတွေကိုသွားရင်း မိုင်းနင်းမိလို့ ခြေပြတ်၊ လက်ပြတ် အသက်ဆုံးရှုံးရသူတွေ၊ ဒလန်မဟုတ်ဘဲ မှားယွင်း သတ်ဖြတ်ခံရသူတွေ၊ စစ်ကောင်စီတပ်တွေရဲ့ မုဒိန်းကျင့်သတ်ဖြတ်တာကို ခံလိုက်ရတဲ့ အမျိုးသမီးတွေ၊ စစ်အာဏာရှင်ကိုတော်လှန်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ အာဏာသိမ်း စစ်အုပ်စုကို အကာကွယ်ပေးရင်း သေဆုံးခဲ့တဲ့ ခြင်းကြားထမ်းစစ်ကောင်စီတပ်သားတွေရဲ့ အရိုးတွေဟာလည်း တောင်လိုပုံနေလောက်ပါပြီ။

ပဋိပက္ခကွင်းပြင်ကြီးကနေ ငြိမ်းချမ်းရေးပန်းပွင့်တွေ၊ ဖက်ဒရယ် ဒီမိုကရေစီအသီးအပွင့်တွေ ဝေဆာ ပွင့်ဖူးတဲ့ ဥယျာဉ်ကြီးအဖြစ် အမြန်ဆုံးပြောင်းလဲပြီး မြေစာမြက်တို့ရဲ့ဘဝတွေကနေ ရှင်သန်လွတ်မြောက်ကာ ဖက်ဒရယ်ဒီမိုကရေစီ အသီးအပွင့်တွေကို ချက်ချင်းစားသုံးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မင်းထီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024