
ရခိုင်ပြည်နယ်၊ မောင်တောကနေ မလေးရှားနိုင်ငံသွားမယ့် ရိုဟင်ဂျာ ၂၅ ဦး သြဂုတ် ၁၈ ရက် ညပိုင်းက သံတွဲမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲဒေသခံတဦးက "စက်လှေက လေပြင်းနဲ့ တွေ့တော့ စက်လှေသမားက စက်လှေ နစ်မှာစိုးလို့ အဲဒီ ရိုဟင်ဂျာတွေကို ကမ်းပေါ်တင်ပြီး ဂေါ့ရပ်ကွက်နားက ဂေါ့တောင်ရိုးပေါ်မှာ ထားခဲ့တာ။ မြင်လိုက်တဲ့ ဒေသခံတွေက ရဲကို သတင်းပေးလိုက်လို့ တချို့ကို ဖမ်းမိခဲ့တယ်။ နောက် ပျောက်ဆုံးနေသူတွေရှိတယ်” လို့ ပြောပါတယ်။
စက်လှေပေါ်မှာ လူဦးရေ ၅၀ လောက်လိုက်ပါလာပြီး ပင်လယ်ပြင်အတွင်း လတ်တလော လေပြင်းမုန်တိုင်းငယ်ကြောင့် ခရီးဆက်ဖို့ မဖြစ်နိုင်တဲ့အတွက် ဂေါ့ကမ်းခြေကို အရေးပေါ် ကမ်းထိုး လိုက်ရတာလို့ ဖမ်းဆီးခံရသူတွေက ပြောကြောင်း တာဝန်ရှိသူ ရဲအရာရှိ တဦးက ဆိုပါတယ်။
"၁၀ နှစ်အရွယ်ကလေးတွေအပါအဝင် ဖမ်းမိတဲ့ ၂၅ ဦးကို သံတွဲမြို့မရဲစခန်းမှာ ထိန်းသိမ်း ထားတယ်။ ကျန်လူတွေကိုတော့ လိုက်ရှာနေတုန်းပဲ။"
သြဂုတ် ၂ ရက်ကလည်း ဂွမြို့နယ်မှာ ရိုဟင်ဂျာအယောက် ၂၀ ကျော် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
မောင်တောဒေသက ရိုဟင်ဂျာတွေဟာ ခရီးသွားလာခွင့် ပိတ်ပင်ခံထားရပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာကြောင့် ပွဲစားတွေကို ငွေအမြောက်အမြားပေးပြီး မလေးရှားနိုင်ငံကို အခုလို အသက်စွန့်သွားလာနေကြရတာလည်းဖြစ်ပါတယ်။