Home
မြန်မာသတင်း
အိုဒီအေအကူအညီများ ဆက်ပေးမည်ဟု ဂျပန်အစိုးရပြော
ဇော်ဇော်လှိုင်
·
August 19, 2022

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ယခင်ချုပ်ဆိုထားတဲ့ အိုဒီ​အေကူအညီ အပါအဝင် လူသားချင်းစာနာထောက်ထားမှု အစီအစဉ်တွေကို ဆက်လက်ပေးအပ်မယ်လို့ ပြောကြားလိုက်ပါတယ်။ 

ဂျပန် အိုဒီအေ ရပ်တန့်ရေး တိုကျိုမြို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ မြန်မာ့အရေး ဆောင်ရွက်နေသူတွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိအရာရှိတွေက ရှင်းလင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ဂျပန်အနေနဲ့ နိုင်ငံချင်းချုပ်ဆိုထားတဲ့ ကိစ္စတွေမှာ နိုင်ငံတကာစည်းမျဉ်းဥပဒေများကို လိုက်နာကျင့်သုံးရမှာမို့ ချုပ်ဆိုထားပြီး အိုဒီအေအကူအညီများကို ရပ်ဆိုင်းလို့ရမှာမဟုတ်ပါလို့ ကျနော်တို့ကို လက်ခံတွေ့ဆုံခဲ့သူ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အိုဒီအေဆိုင်ရာအရာရှိများက ရှင်းပြခဲ့ကြောင်း” ဝင်ရောက်တွေ့ဆုံခဲ့သူ ဦးမြင့်ဆွေက ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဂျပန်နိုင်ငံအနေနဲ့ အကူအညီတွေကို NUG အမျိုးသားညီညွတ်ရေးအစိုးရထံ ဆက်သွယ်ဆောင်ရွက်ပေးအပ်ရေး အပါအဝင် အိုဒီအေ ရပ်ဆိုင်းရေး တောင်းဆိုစာကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေကတဆင့် ဂျပန်အစိုးရဆီ ပေးအပ်ခဲ့ကြပါတယ်။ 

ဂျပန်ကပေးမယ့်အိုဒီအေက အကြမ်းဖက်စစ်ကောင်စီဆီကနေ တဆင့်သွားမှာမို့ ပြည်သူကိုသတ်မယ့် ကျည်ဆန်တွေဖြစ်ကုန်မှာမို့ အခုလိုလာရောက်ဆန္ဒပြတောင်းဆိုရတာပါလို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ကိုမျိုးမင်းဆွေက ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့နွေဦးတော်လှန်ရေး ကူညီပေးနေသူ ဂျပန်လူမျိုးတွေကလည်း အိုဒီအေ ရပ်ဆိုင်းရေး၊ ဂျပန်အစိုးရအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့အချိန်က ဂျပန်အစိုးရက အိုဒီအေ အသစ်များ ပေးအပ်မှာ မဟုတ်ကြောင်း ချက်ချင်းကြေညာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဂျပန်အစိုးရအနေနဲ့ ၂၀၁၂ ခုမှာ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေး ရည်ရွယ်ပြီး မြန်မာအစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယံ ၃၀၀၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် သန်းပေါင်း သုံးထောင့် ခုနစ်ရာကို လျော်ပစ်ပေးခဲ့ပြီး ၂၅ ကြာ ရပ်ဆိုင်းခဲ့တဲ့ အကူအညီတွေ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024