ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ ကေတီဗွီ (နိုက်ကလပ်) တခုမှာ ဒီကနေ့ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ဆန်ဆိုင်း (က) ရပ်ကွက်ထဲမှာ မီးခိုးငွေ့တွေ ထွက်လာတာကို ညနေ ၄ နာရီကျော်က စမြင်ရပြီး သွားရောက်ကြည့်ရှုရာမှာ ကြီးမြတ်သောရွှေမြင်း (GGH-KTV) ကာရာအိုကေဆိုင်ကနေ လောင်ကျွမ်းနေတာလို့ မယ်ခေါင်ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျမက ကလေးတဖက်နဲ့ဆိုတော့ အဝေးကနေပဲ လှမ်းကြည့်တယ်။ ဆိုင်ထဲကလူတွေရော၊ ရပ်ကွက်ထဲကလူတွေရော ဝိုင်းငြှိမ်းကြတယ်။ မီးသတ်ကားတွေလည်း လာတယ်၊ ဒါပေမဲ့ ညနေ ၅ နာရီကျော်မှ ငြိမ်းသွားတယ်။ ဘာဖြစ်လို့လောင်လဲတော့ မသိဘူး၊ ဝိုင်ယာရှော့ဖြစ်တယ်လို့လည်း ပြောတယ်၊ ဂဟေဆော်ရင်းနဲ့ မီးပွားကျတာလို့လည်း ပြောတယ်၊ အမျိုးမျိုးပြောတာပေါ့၊ သေချာတော့ မသိဘူးပေါ့။ အဲဒီနေရာက ညဆို လူစည်တယ်၊ ညလောင်ရင်တော့ ထိခိုက်သူမျ ားမှာပဲ”
အဆိုပါ ကေတီဗွီဆိုင်ဟာ တာချီလိတ်မှာ နာမည်ကြီးတဲ့ နိုက်ကလပ်တခုဖြစ်ပြီး ဦးအားချန် အမည်ရှိ တရုတ်အမျိုးသား ပိုင်တာလို့လည်း သိရပါတယ်။
တာချီလိတ်မှာ ပြီးခဲ့တဲ့အပတ်ကမှ ရေကြီးမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကနေ့ မီးထပ်လောင်တာကြောင့် မြို့သူမြို့သားတွေကြား မီးဘေးထပ်သင့်မှာ စိုးရိမ်နေကြတာပါ။