စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ထဲက ကိုးတောင်ဘို့ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဩဂုတ် ၁၈ ရက်ညပိုင်းက ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၃ ယောက် သေဆုံးခဲ့ကာ ထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ Kotaungbo Revolution KTB-R က ထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ ပြန်ပြီး တရစပ်ပစ်ခတ်ခဲ့တာကြောင့် ကိုးတောင်ဘို့ဘူတာအနီး ဘူတာတန်းက နေအိမ်တအိမ်ပေါ် ကျရောက်ကာ အမျိုးသမီးကြီး ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ဒေသတွင်း တိုက်ပွဲတွေ ထပ်မံပြင်းထန်လာနိုင်တာကြောင့် နေအိမ်တွေမှာ ပြန်လည်နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ ရွာထဲမှာ ဆက်မနေသင့်ဘဲ ရှောင်ရှားသင့်တယ်လို့ KTB-R က သတိပေးထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ် ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ PDF နဲ့ ညီနောင်မဟာမိတ်တပ်ရင်း ၂၅၇ ရင်းရှိပြီး ဒီထဲက တပ်ရင်း ၁၀၁ ရင်းကို ဝန်ကြီးဌာနက စိစစ်အတည်ပြုပြီး ကျန်တဲ့ တပ်ရင်းတွေကိုလည်း ဆက်လက်စစ်ဆေး အတည်ပြုနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတာ တနှစ်ပြည့် အစီရင်ခံစာမှာ ပြောထားပါတယ်။
မြို့နယ်တွေကို အခြေခံဖွဲ့စည်းတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျဖွဲ့စည်းပြီးဖြစ်ကာ မြို့ပြပြောက်ကျား၊ ကျေးလက်ပြောက်ကျား အဖွဲ့ပေါင်း ၄၀၀ ကျော်ကို ဝန်ကြီးဌာနက စာရင်းပြုစုရရှိထားပြီး ဒီထဲက ၆၀ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။