သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်အမှုကို သြဂုတ် ၁၈ ရက်က နေပြည်တော် အချုပ်ထောင်အတွင်းရှိ သီးသန့်အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ရှောင်တာနယ်ကို စစ်ကောင်စီက လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) တို့နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ အမှုတွဲပါ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁ (ဂ) အတွက် အမှုတွဲပါသူတွေကို အားပေးကူညီမှုနဲ့ စွဲချက်တင် အမိန့်ချကာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးတာလည်းပြီးပြီဖြစ်လို့ စွပ်စွဲခံသူတွေဖြစ်တဲ့ ရှောင်တာနယ်၊ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)နဲ့ ဦးကျော် ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့ကို ရုံးချိန်းတပတ်ကို တယောက်စီ စစ်ဆေးနေတာဖြစ်ပါတယ်။
ရှောင်တာနယ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးပြီးဖြစ်လို့ နောက်အပတ်ရုံးချိန်းမှာ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)ကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။