Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏ စီးပွားရေးရည်မှန်းချက် မအောင်မြင်နိုင်ဟု သုတေသီများ ပြော
DVB
·
August 18, 2022

အကြမ်းဖက်စစ်ခေါင်းဆောင်က လာမယ့် ၆ လတာကာလအတွင်း နိုင်ငံရဲ့စီးပွားရေး ဦးမော့လာအောင် ဦးတည်ဆောင်ရွက်မယ်လို့ ပြောဆိုသွားပေမဲ့ လက်တွေ့မှာတော့ သူတို့ကိုယ်တိုင် ချမှတ်ထားတဲ့ ရည်မှန်းချက်နဲ့ ဦးတည်ချက်တွေဟာ အခုအချိန်အထိ တချက်မှ မအောင်မြင်သေးတာ တွေ့ရကြောင်း သုတေသီတွေက ထောက်ပြပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် သူတို့ အာဏာသိမ်းပြီးနောက် တာဝန်ယူတဲ့ တနှစ်ခွဲကာလအတွင်းမှာ အခက်အခဲမျိုးစုံကို ဖြတ်ကျော်နိုင်ခဲ့ပြီး လာမယ့် ၆ လတာ ကာလအတွင်းမှာ နိုင်ငံရေးနဲ့ စီးပွားရေး ဦးမော့လာအောင် ဦးတည်ဆောက်ရွက်နေကြောင်း၊ အခု ၆ လတာကာလဟာ အရှိန်အဟုန်နဲ့ မောင်းနှင် ဆောင်ရွက်ရမယ့်ကာလ ဖြစ်ကြောင်းနဲ့ စီးပွားရေးဦးမော့လာပြီး နိုင်ငံရေးတည်ငြိမ်အောင် လုပ်ဆောင်ရမယ်လို့ သြဂုတ် ၁၆ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ဒါကြောင့် စစ်ကောင်စီခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ လက်တွေ့ မြေပြင်အခြေအနေနဲ့ ပေါင်းစပ်ကြည့်ပါက တချက်ကလေးမှ နီးစပ်မှုရှိတာ မတွေ့ရဘူးလို့ သုတေသီတွေက ဆိုပါတယ်။

စီးပွားရေးသုတေသီတယောက်က “သူတို့ပြောသလိုဆိုရင် ဒါက ကာလတို သတ်မှတ်ထားတာပေါ့။ ဒီမတိုင်ခင်ကလည်း သူတို့ရဲ့ ရည်မှန်းချက်တွေကို ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ ကြော်ငြာနေတာ တွေ့မှာပေါ့နော်။ ရည်မှန်းချက် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်တို့ ဆိုတာလေ။ အဲဒီရည်မှန်းချက်တွေ ဘယ်လောက်ထိ အောင်မြင်နေပြီလဲဆိုတာ ကြည့်ဖို့လိုတယ်။ ဆိုတော့ နံပါတ် ၁ ရည်မှန်းချက် မအောင်မြင်ရင် နံပါတ် ၂ ရည်မှန်းချက်က အောင်မြင်ပါ့မလား။ ရည်မှန်းချက်တွေ ဦးတည်ချက်တွေ ချမှတ်ထားတယ်ဆိုတာ တခုနဲ့တခု ဆက်စပ်နေတာ။ နံပါတ် ၁ မအောင်မြင်ဘဲနဲ့ နံပါတ် ၂ လုပ်လို့မရဘူး။ နံပါတ် ၂ မအောင်မြင်ရင် နံပါတ် ၃ လုပ်လို့မရဘူး။ ဒါကြောင့် အရင်ချမှတ်ထားတဲ့ ဦးတည်ချက် ရည်မှန်းချက်တွေတောင် မအောင်မြင်သေးတာ နောက်တခုထပ်လုပ်လို့ ရနိုင်မလား၊ ဖြစ်နိုင်ပါ့မလား” လို့ ဒီဗွီဘီကို ပြောပါတယ်။

အကြမ်းဖက် စစ်ခေါင်းဆောင်ကတော့ နိုင်ငံတကာမှာလည်း စီးပွားရေးကျဆင်းမှု တွေ့ကြုံနေရပြီး အရန်ငွေကြေးနည်းပါးတဲ့ မိမိတို့နိုင်ငံအတွက်လည်း ထိခိုက်မှုရှိပေမဲ့ လက်ရှိ ကုန်သွယ်မှုစနစ်အရ ပြဿနာမရှိနိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ တည်ငြိမ်မှုမရှိတဲ့အတွက် ထုတ်လုပ်မှုတွေ ကျဆင်းလာပြီးနောက် ဖြစ်ပေါ်လာမယ့် သက်ရောက်မှုဆိုးကျိုးကို ပြည်သူတွေက ခံရတော့မှာပါ။

စီးပွားရေးပညာရှင်တယောက်က “ကုန်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး လယ်ယာကဏ္ဍပဲဖြစ်ဖြစ်၊ စက်မှုကဏ္ဍပဲဖြစ်ဖြစ် ကြည့်လိုက်ရင် လယ်ယာကဏ္ဍလည်း အဆင်မပြေဘူး။ အထူးသဖြင့် အထက်မြန်မာပြည်မှာ စစ်ကိုင်း၊ မကွေး၊ ကယား အဲဒီမှာ စိုက်ပျိုးရေး ဘယ်လိုသွားလုပ်မလဲ။ အခု ရွှေဘိုပေါ်ဆန်းမွှေးတွေ ဈေးတက်တယ်ဆိုတဲ့ သတင်းတွေ ကြားနေရပြီ။ ကျနော်ထင်တယ် မကြာခင်မှာ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ သက်ရောက်မှုဆိုးကျိုးတွေ လာတော့မယ်။ ဆန်တင်မကဘူး။ ဆီနဲ့ ပဲ၊ ပြောင်း အကုန်လာတော့မယ်။ ဘာကြောင့်လဲဆို တည်ငြိမ်မှုမရှိတဲ့အတွက် မစိုက်ပျိုးနိုင်ကြဘူး။ မစိုက်ပျိုးနိုင်တဲ့အတွက် ထုတ်လုပ်မှုကျမယ်။ ပို့ကုန်တင်ပို့မှုကျမယ်။ အဲဒီ သက်ရောက်မှုဆိုးကျိုးတွေ မကြာခင်ကာလမှာ လာတော့မယ်။ စက်မှုကဏ္ဍကိုကြည့်ရင်လည်း စက်မှုဇုန်တွေမှာ လျှပ်စစ်မီးက မမှန်ဘူး။ နိုင်ငံခြားငွေလဲလှယ်နှုန်း ဒေါ်လာဈေး မတည်ငြိမ်တဲ့အတွက် ကုန်ကြမ်းတွေ သွင်းလို့ မရတော့ဘူး။ အဲ့တော့ SME (အသေးစားနဲ့ အလတ်စား) လုပ်ငန်းတွေ ဘယ်လိုသွားလုပ်ကြမလဲ။ အကုန်လုံး ဒီဒဏ်ကို ခံရတော့မှာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်း နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းအတွက် မြန်မာနိုင်ငံရှိ ဘဏ်အားလုံးရဲ့ ဝင်ငွေထွက်ငွေ အခြေအနေ အပါအဝင် နိုင်ငံခြားကုန်သွယ်မှု ဝင်ငွေထွက်ငွေ အခြေအနေတို့ အပေါ် မူတည်ကာ ဗဟိုဘဏ်က တွက်ချက်သတ်မှတ်ပေးနေတာဖြစ်ပြီး ဝိသမ လောဘသားတွေ ဈေးကစားလို့ ငွေကြေး တည်ငြိမ်မှုမရှိတာ ဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ပြည်တွင်း နိုင်ငံခြားငွေကြေး ဈေးကွက်အတွက် ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁,၃၃၁ ကျပ်ရှိပြီး ဈေးကွက်မှာ ၁,၄၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ရှိနေတာပါ။ လက်ရှိမှာတော့ ဒီနေ့ သြဂုတ် ၁၈ ရက်အတွက် ဗဟိုဘဏ် ရည်ညွှန်းဈေးက ၂,၁၀၀ ကျပ်လို့ ဆိုပေမဲ့ ဈေးကွက်မှာတော့ ကျပ် ၂,၈၀၀ နဲ့ ၂,၉၀၀  အကြားမှာ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေလဲနှုန်းက အာဏာသိမ်းပြီးနောက် တနှစ်ခွဲကာလမှာ ရာခိုင်နှုန်းအားဖြင့် ၅၁ ရာခိုင်နှုန်းအထိ တက်သွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024