Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ
DVB
·
August 18, 2022

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်၊ ကင်းကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ် ၄ စီးနဲ့ ဩဂုတ် ၁၇ ရက် နေ့လယ် ၁ နာရီလောက်က ပစ်ခတ်ကာ ရွာသားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလေယာဉ်တွေဟာ ဒီပဲယင်းမြို့နယ်ဘက်ကနေ လာရောက်ပြီး ကင်းကျေးရွာကို လာရောက်ပစ်ခတ်တာလို့ ဆိုပါတယ်။

ဒေသခံရွာသားတယောက်က “သူတို့က မဆင်းဘူးလိုလိုနဲ့ မင်းကင်းမြို့နယ်ဘက် သွားသလို ပုံစံလုပ်ပြီး ရုတ်တရက်ရောက်လာကာ လေယာဉ်ပေါ်ကနေ ပစ်ခတ်ပြီး မြေပြင်ကိုဆင်းပြီး စစ်သားတွေချတယ်။ သူတို့က ‌စစ်သားချတာတောင် ရွာဝင်၊ ရွာထွက် ပြေးလမ်းတွေပိတ်ပြီး ချတာ။ ရွာကိုပတ်ပြီး ပိတ်ထားတယ်။ အသက်လု‌ပြေးခဲ့လို့ ကျနော်တို့က လွတ်‌လာတာ။ ရွာမှာ နာရေးကိစ္စ လုပ်နေတဲ့အချိန် လာပိတ်ဖမ်းကြတာဆိုတော့ ပိတ်မိနေသူကတော့ များမယ်ဗျ။ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေရော ပိတ်မိနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ကင်းကျေးရွာကို လာရောက်ပိတ်ဆို့ ဖမ်းဆီးတာဟာ ရေကြောင်းကနေ စစ်မော်တော်လာတိုင်း PDF တွေက ပစ်ခတ်တာကြောင့် အခုလိုဖမ်းဆီးတာဖြစ်နိုင်ပြီး စစ်ကောင်စီ မော်တော်တွေကလည်း ကင်းရွာအထက်ဘက် သင်တောရွာမှာ ရောက်ရှိနေပါတယ်။ ဒါကြောင့် စုန်ဆင်းလာမယ့် စစ်ကောင်စီမော်တော်ကို လုံခြုံရေးယူပေးရင်း အခုလိုဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသားဘယ်နှယောက် ဖမ်းဆီးခံခဲ့ရတယ်ဆိုတာ မသိရသေးဘဲ အရင်ကလည်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သြဂုတ် ၁၄ ရက်က စတင်ပြီး ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို နေ့စဥ်ရက်ဆက် စစ်ကြောင်းထိုး သွားလာလှုပ်ရှားနေပြီး ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦတွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ရင်ပေါင်တိုင်ရွာ၊ ပုထိုးသာရွာ၊ ကမ္ဘားရပ်ရွာ၊ ရွာနောင်ရွာ၊ ချင်ပြစ်ရွာတွေက စုစုပေါင်းအိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်းခဲ့သလို သြဂုတ် ၁၇ ရက် မနက်ပိုင်းကလည်း ယင်းမာပင်မြို့နယ်အတွင်းရှိ ပေါက်သဖကျေးရွာက နေအိမ်တလုံးကိုလည်း ထပ်မံမီးရှို့ခဲ့ကြတယ်လို့ ဒေသခံတ‌‌‌ယောက်က ပြောပါတယ်။

လက်ရှိအချိန်မှာ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ယင်းမာပင်နဲ့ ပုလဲနယ်စပ်တလျှောက်မှာရှိတဲ့ ကျေးရွာတွေကို ကူးလူးသွားလာ စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံတွေဟာလည်း နေအိမ်တွေမှာ မနေရဲဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024