DVB Logo
Home
မြန်မာသတင်း
ရေစကြိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၈ ဦးထက်မနည်းသေဆုံး၊ ဂန့်ဂေါ မင်းရွာရဲစခန်း တိုက်ခိုက်ခံရ
DVB
·
August 18, 2022
ရေစကြိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၈ ဦးထက်မနည်းသေဆုံး၊ ဂန့်ဂေါ မင်းရွာရဲစခန်း တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ သြဂုတ် ၁၇ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၈ ယောက်ထက်မနည်း သေဆုံးကာ PDF ရဲဘော်တယောက် ဒဏ်ရာရခဲ့တယ်လို့ ရေစကြို ပ.က.ဖ ကနေ သိရပါတယ်။

ရေစကြို ပ.က.ဖ ခေါင်းဆောင်ရဲဘော် ဝေကြီးက “ရေယှားရွာဘက်ကနေ ငတမျှော်ရွာဘက်ကို အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို သြဂုတ် ၁၇ ရက် မနက် ၉ နာရီလောက်မှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီး စစ်(...)၊ ရဲ(...)၊ ပျူ(...) ၈ ယောက်ထက်မနည်း သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်။ စစ်(...)တွေဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေတယ်ဗျ။ ကျနော်တို့ဘက်က ရဲဘော်တယောက် ဒဏ်ရာရခဲ့ပေမဲ့ ဒဏ်ရာအခြေအနေက မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။

ရေယှားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကိုလည်း သြဂုတ် ၁၂ ရက် မနက်အစောပိုင်း ၂ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကို ရေစကြိုမြို့နယ် ပ.က.ဖ၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရဲဘော်ညီနောင် ပြောက်ကျားတပ်ဖွဲ့၊ SLK PDF နဲ့ နဂါးနီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ငတရော်ကျေးရွာကိုတော့ မနေ့မနက် ၁၁ နာရီလောက်ကနေ ညနေ ၅ နာရီကျော်တဲ့အထိ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြတယ်လို့ ငတရော်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကိုလည်း ထီးလင်း PDF(YRPA) တပ်ဖွဲ့ဝင်တွေနဲ့အတူ KKG တပ်ရင်း - ၅၊ ဂန့်ဂေါတောင်ပိုင်း PDF၊ YDF တပ်ရင်း ၆၊ ၇၊ ၈၊ ၁၄၊ ဂန့်ဂေါတောင်ပိုင်း ပကဖ နဂါးညီနောင်အဖွဲ့ ၁ တို့ ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲခဲ့တယ်လို့ ထီးလင်း PDF က ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို ဩဂုတ် ၁၇ ရက်‌ ညနေပိုင်းက ပြုလုပ်ခဲ့ပြီး ထီးလင်း PDF ပူး‌ပေါင်းအဖွဲ့က လက်နက်ကြီး လက်နက်ငယ်တ ပစ်ခတ်ခဲ့ပြီး KKG အဖွဲ့က ဒရုန်းတွေနဲ့လည်း အနီးကပ် သွားရောက်ပစ်ကူပေးခဲ့ရာ အချိန်တနာရီခွဲခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိနိုင်ပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ မိမိတို့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း ထီးလင်း PDF တာဝန်ခံက ပြောပါတယ်။

ဩဂုတ် ၁၅ ရက်ကလည်း မင်းရွာရဲစခန်းကို ယောဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတ‌ယောက် ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါသေးတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013