
ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မူဇုန်ရှိ PMG စက်ရုံ၊ ပုလင်းခွံသန့်စင်ဌာနက အလုပ်သမားတွေဟာ ရက်မှန်ကြေး ပြန်လည်ရရှိရေး သပိတ်မှောက်လှုပ်ရှားတာကို ဒီနေ့ရပ်ပြီး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နေကြပါတယ်။
သပိတ်မှောက်လုပ်သားတွေကို ရန်ကုန်တိုင်းဒေသကြီးအလုပ်သမားရုံး တာဝန်ရှိသူတွေ မနေ့က တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ပြီး ဒီနေ့အလုပ်ပြန်ဝင်ဖို့ သဘောတူညီခဲ့တာလို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) မှ ကိုဇင်ဝေအောင်က ပြောပါတယ်။
အဲဒီတွေ့ဆုံညှိနိူင်းမှုမှာ အလုပ်သမားတွေက မူလတောင်းဆိုချက်ဖြစ်တဲ့ လုပ်ခလစာရဲ့ ၁၀ ရာခိုင်နှုန်းကို ရက်မှန်ကြေးပေးဖို့ဆိုတဲ့အစား ၂ ရာခိုင်နှုန်း လျှော့ပေးခဲ့ပြီး ၈ ရာခိုင်နှုန်းပေးဖို့ တင်ပြခဲ့ကြောင်း၊ အဲဒီလိုမှမဟုတ်ရင် သပိတ်မှောက်အလုပ်သမားတွေကို ဥပဒေပါ နစ်နာကြေးပေးပြီး အလုပ်ထုတ်ဖို့ ညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။
“ဘယ်နည်းလမ်းကို ရွေးမယ်ဆိုတာ စက်ရုံဘက်က မနက်ဖြန် (သြဂုတ် ၁၈) မှာ အဖြေပေးမယ် ပြောတယ်။ အဲဒီအဖြေကိုစောင့်ရင်း ဒီနေ့ အလုပ်ပြန်လုပ်ကြဖို့ သဘောတူပြီး ဒီနေ့ လုပ်ငန်းခွင် ပြန်ဝင်တာဗျ" လို့ ကိုဇင်ဝေအောင်က ပြောပါတယ်။
အဲဒီစက်ရုံမှာ အလုပ်သမား ၇၀ ကျော်ရှိပြီး နောက်ဆုံးအချိန်အထိ အလုပ်သမား ၃၇ ဦးက သပိတ်မှောက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီအလုပ်သမားတွေဟာ သြဂုတ် ၈ ရက်ကစပြီး လုပ်ငန်းခွင်ထဲ အလုပ်မလုပ်ဘဲ ညသပိတ်မှောက်တဲ့ လှုပ်ရှားမှု စတင်ခဲ့တာပါ။
သပိတ်လှုပ်ရှားမူ ၆ ရက်မြောက်နေ့မှာ နောက်သပိတ်အရှိန်မြှင့်ဖို့ စီစဥ်နေစဥ် အလုပ်သမားရုံးနဲ့ စက်ရုံဘက်က ညှိနိူင်းမှုတွေ လုပ်လာခဲ့တာလို့ သိရပါတယ်။
PMG (Peace Myanmar Group) လုပ်ငန်းစုဟာ မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့တာဖြစ်ပြီး အဖျော်ယမကာနဲ့ ရေသန့်လုပ်ငန်းအပြင် ဖြန့်ချိရေးလုပ်ငန်းတွေမှာ အထင်ကရ နာမည်ရရှိထားတဲ့ ကုမ္ပဏီလုပ်ငန်းစုတခု ဖြစ်ပါတယ်။