ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ သြဂုတ် ၁၆ ရက် ညက မိုးသည်းထန်စွာရွာသွန်းပြီး တမြို့လုံးနီးပါး ရေနစ်မြုပ်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
စေတီတောင်ရပ်ကွက်၊ ဆားပြင်ကွင်းရပ်ကွက်၊ အစိုးရတိုက်တန်း၊ ဝန်ထမ်းရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်၊ သင်္ဘောဆိပ်ဟောင်း၊ စံပယ်မွေးရပ်ကွက်တို့မှာ ရေနစ်မြုပ်နေတာဖြစ်ပြီး သမ္ဗန်ချောင်းရပ်ကွက်မှ ဒေသခံ ၈၀ လောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားရတယ်လို့ ကျောက်ဖြူမြို့ခံတွေက ဆိုပါတယ်။
မြို့ခံတယောက်က “ရေလွှမ်းမိုးမှု အများဆုံးဖြစ်တဲ့ သမ္ဗန်ချောင်းရပ်ကွက်က ဒေသခံ ၈၀ လောက်ကို အ.လ.က ၄ စာသင်ကျောင်းကို အရေးပေါ် ပြောင်းရွှေ့ထားရတယ်။”လို့ပြောပါတယ်။
အခုလို ရေနစ်မြုပ်ရတာဟာ စည်ပင်သာအဖွဲ့က ရေစီးရေလာကောင်းအောင် ရေမြောင်းတွေ စနစ်တကျ မတူးဖော်တဲ့အတွက်ကြောင့်လို့ ဒေသခံတွေက ဝေဖန်ကြပါတယ်။
လက်ရှိ ကျောက်ဖြူချောင်းမှာ စိုးရိမ်ရေမှတ်ရှိနေကာ မိုးဆက်လက်ရွာသွန်းပြီး ရေကြီးလာပါက လျှပ်စစ်ဓာတ်မီးတိုင်တွေ ပြိုလဲကျနိုင်တဲ့အတွက် စိုးရိမ်စရာ အခြေအနေ ရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ကျောက်ဖြူချောင်းအနီးရှိ ကျောက်ဖြူမြို့ကို လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးထားတဲ့ ၆၆ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်တိုင်တွေလည်း ကျောက်ဖြူချောင်း ရေလွှမ်းမိုးမှုကြောင့် ဓာတ်တိုင်အမြင့် ၂၅ ပေမှာ ၁၀ ပေလောက် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကလည်း မိုးကြီးပြီး ကျောက်ဖြူချောင်းရေတိုက်စားလို့ အဆိုပါဓာတ်မီးတိုင်တွေ ပြိုလဲကျသွားတဲ့အတွက် ကျောက်ဖြူမြို့ အပါအဝင် ရွာပေါင်း ၂၀ မှာ ၃ ရက်လောက် လျှပ်စစ်မီးပြတ်သွားခဲ့ကြရပါသေးတယ်။
သြဂုတ် ၁၇ ရက်အထိ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အနီးတဝိုက်မှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ပြီး လာမယ့် နှစ်ရက်အတွက် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုမိုရွာသွန်းဖို့ ရှိတယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။