
လာအိုနိုင်ငံ၊ ရွှေတြိဂံနယ်မြေ ဆီဘွန်းရိန်းရပ်ကွက်ထဲမှာ မြန်မာဘက်ကလာတဲ့ စိတ်ကြွဆေးပြား ပေါင်း ၆၆၈၀,၀၀၀ နဲ့ အိုက်စ်မူးယစ်ဆေး တစ်ကီလိုဖမ်းဆီးရမိကြောင်း မဲခေါင်မြစ်ဝှမ်း ဗဟိုလုံခြုံရေးဌာန SMCC ကို ကိုးကားပြီး ဩဂုတ် ၁၇ ရက် မယ်ဆိုင်ဒေသသတင်းမှာ ဖော်ပြပါတယ်။
ဩဂုတ် ၆ ရက်က မြန်မာဘက်ခြမ်းကနေ လာအိုနိုင်ငံ၊ ဘော်ကယောက်ခရိုင်၊ တွန့်ဖိန့်မြို့နယ်၊ ဘန့်ဟွမ်ရွာထဲဝင်လာတဲ့ မသင်္ကာဘွယ် ဆိုင်ကယ် တစီးနောက်ကို လာအို မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့က နောက်ယောက်ခံလိုက်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ကွင်းဆက်တွေထပ်မံစုံစမ်းပြီး ရွှေတြိဂံနယ်မြေနဲ့ကပ်လျက် တွန့်ဖိန့်မြို့နယ် ဆီဘွန်းရိန်းရပ်ကွက်ထဲရှိ နေအိမ် တအိမ်ကို ဝင်ရောက် စီးနင်းရှာဖွေခဲ့ကြောင်း၊ အဆိုပါအိမ်ကနေ အလေးချိန် ၇၇၃ ကီလိုဂရမ်ရှိ မြွေရေခွံအိတ် ၃၃ လုံး တွေ့ရှိတယ်လို့ ဆိုပါတယ်။
အိတ်ထဲမှာ တစည်းကို စိတ်ကြွဆေး ၂၀၀၀ ပါ ၃၃၀၄ စည်း တွေ့တာကြောင့် စိတ်ကြွဆေးစုစုပေါင်း ၆၆၀၈၀၀၀ (၆ သိန်းကျော်)၊ လက်ဖက်ခြောက်အိတ်ထဲထည့်ထားတဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် တစ်ကီလိုဂရမ်၊ AAA တံဆိပ်ရိုက်ထားတဲ့ ပလတ်စတိတ်အိတ်ခွံတွေ၊ လက်ဖက်ခြောက်တံဆိပ်အိတ်ခွံတွေပါ တွေ့ ရှိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်ရှင်ဖြစ်တဲ့ အသက် ၄၀ ကျော်ရွယ် လာအိုနိုင်ငံသား လင်မယား နှစ်ယောက်ကို ဖမ်းဆီးထားကြောင်း၊ သူတို့ဆီကနေ လာအိုကစ်ငွေ သန်းပေါင်း ၈၀ ၊ ထိုင်းဘတ်ငွေ ဘတ် ၄,၁၀၉,၀၀၀၊ တရုတ်ယွမ်ငွေ ၁၀,၀၀၀ နဲ့ ကား ၃ စီးကိုပါ သိမ်းဆည်းခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။
Ref- Maesaipress