စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစခန်းတခုကို ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) က သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၅ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
သြဂုတ် ၁၆ ရက် ညနေ ၆ နာရီခွဲလောက်မှာ ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းဖြစ်တဲ့ M.R.D.A တပ်ရင်း ၄ က ဒုံး ၃၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ နဂါးစစ်သည်တော်တွေ အားလုံးထိခိုက်ဒဏ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်း ၄ ရင်းရှိပြီး ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၃၊ အ မှတ် ၄၊ အမှတ် ၅၊ အမှတ် ၆ တို့ဖြစ်ကာ တပ်ရင်းအားလုံးဟာ ကာကွယ်ရေးဝန်ကြီးဌာန (MOD)နဲ့အတူ လက်တွဲလုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေနဲ့ ပုလဲမြို့နယ်ကို အခြေပြုထားပြီး ထိစပ်နေတဲ့ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ဆားလင်းကြီးမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တွေအထိ စစ်ရေးလှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းပြီး ပထဝီအနေထားအရလည်း အရေးပါတဲ့ စစ်ဒေသတစ်ခုဖြစ်လို့ တော်လှန်ရေးအားစိုက်တဲ့ မိဘပြည်သူတွေအနေနဲ့ ဆက်လက်အားထည့် ပေးကြဖို့နဲ့ တနှစ်ကျော် စိုက်ထုတ်ခဲ့တဲ့ ကြိုးစားမှုတွေ အချည်းနှီး မဖြစ်စေဖို့ ဆက်လက်အားထည့်ပေးဖို့ မြန်မာ့တော်ဝင်နဂါးတပ်က တိုက်တွန်းထားပါတယ်။