Home
မြန်မာသတင်း
အငူမော်ဆိပ်ကမ်းတွင် ပိတ်မိနေသည့် ငါးမြစ်ချင်းငါးများ စစ်တွေမှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ခွင့်ရ
DVB
·
August 16, 2022

စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အငူမော်ဆိပ်ကမ်းမှာ ပိတ်မိနေတဲ့ ငါးမြစ်ချင်းငါးကား ၁၀ စီးကျော်အား သြဂုတ် ၁၆ ရက် ဒီနေ့မှာ စစ်တွေမြို့ကတဆင့် ရေကြောင်းနဲ့ ဘင်္လားဒေ့ရှ်ဘက် တင်ပို့ခွင့် ပြုလိုက်တယ်လို့ ငါးကုန်သည်တွေက ပြောပါတယ်။

ကုန်သည်တဦးက “ကျနော်တို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာတွေကို တင်ပြထားပါတယ်။ ငါးဦးဌာနက ပြည်နယ်မှူး၊ မောင်တောခရိုင်က ငါးဦးစီးမှူး မောင်တောခရိုင် စီမံကောင်စီအဖွဲဝင်တွေ စစ်တွေမှာလည်း သက်ဆိုင်တဲ့အဖွဲအစည်းတွေက တင်ပြထားတယ်။ ငါးကားတွေက အငူမှော်မှာ ပိတ်မိနေတဲ့ ကားတွေရှိသလို စစ်တွေမှာ သောင်တင်နေတဲ့ ကားတွေလည်းရှိနေတယ်။ ငါးကားတွေက ၁၂ ရက်နေ့ကတည်းက ရောက်နေတာဆိုတော့ အခုဆို ၃ ရက်ရှိနေပြီ၊ အအေးစက်မောင်းပေးထားပေမယ့် ငါးအရည်အသွေးကျဆင်းလာနေတော့ ဘူးသီးတောင်ဘက်က သယ်ခွင့်တောင်း တင်ပြထားတယ်၊ ခွင့်မပြုတဲ့အတွက် စစ်တွေဘက်က တင်ပို့ဖို့ ပြန်သယ်ယူသွားကြတယ်။”

ငါးမြစ်ချင်းငါးတွေကို မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ဘင်္ဂလားဒေ့ရှ်ဘက် အဓိကထားတင်ပို့နေတာဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပွားပြီး အငူမော်လမ်းပိတ်လိုက်တာကြောင့် အငူမော်ဆိပ်ကမ်းမှာ ငါးကုန်တင်ကား ၁၀ စီးကျော် တန်ချန် ၁၅၀ လောက် ပိတ်မိနေတာလည်း ဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ ဒီနေ့မနက် စစ်တွေက ဘူးသီးတောင်ကို ဘီလပ်မြေလာပို့တဲ့ ဇက်ရေယာဥ်နဲ့ စစ်တွေကို တင်သွားကြပါပြီ။ ယနေ့ ညနေမှာ စစ်တွေကနေ ရေလမ်းနဲ့ ဘင်္ဂလားကို တင်ပို့သွားမှာပါ” လို့ ငါးကုန်သည်နောက်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်မနက် ၈ နာရီကျော်က အငူမော် - မောင်တော ကားလမ်း ရှိ ရသေ့တောင်မြို့နယ် ဒုံးပိုက် နဲ့ ချိန်ခါလိန်ကျေးရွာကြား စစ်ကောင်စီ နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုင်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် သြဂုတ် ၁၄ ရက်မနက်ကစပြီး မောင်တော-အငူမော်လမ်းအား အကန့်သတ်မရှိ ပိတ်ထားတာပါ။

လမ်းပိတ်ထားတာကြောင့် ကုန်စည်စီးဆင်မှု ရပ်တန့်သွားပြီးနောက် မောင်တောမြို့မှာ  ကြက်ဥ ၂ လုံး ငွေကျပ် ၁ ထောင်အထိ စျေးနှန်းမြင့်တက်သွားတာကြောင့် လက်လုပ်လက်စားပြည်သူတွေ အခက်အခဲကြုံနေကြရတယ်လို့ ဒေသခံတွေက ပါတယ်။

“ဟုတ်တယ်။ လက်ရှိမှာ အခြေခံစားကုန် ကြက်ဥ တလုံး ၅၀၀ ဖြစ်နေပြီ၊ လောင်စာဆီ တလီတာ ၃၅၀၀ ပါ။ ဆန်တအိတ် ၇ သောင်းကျော်လာပြီ။ လက်လုပ်လက်စားဆင်းရဲသားတွေ အလွန်အခက်အခဲ ဖြစ်လာကြမှာ” လို့မောင်တောဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာတော့ မောင်တော-အငူမော်ကားလမ်းများပိတ်ထားတာကြောင့် မောင်တောနယ်စပ်ကုန်သွယ်မှု ကျဆင်းသွားပြီး သြဂုတ် ၁၅ ရက်နေ့မှာ မော်တော် ၂ စီးနဲ့ သြဂုတ် ၁၆ ရက်က မော်တော်တစီးတို့ကို ကုန်ထက်ဝက်တင်ပြီး ပို့ဆောင်ခဲ့ရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024