စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးရှိ စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်တဲ့ နဘားတန်ပိုဂိတ်ကို ဩဂုတ် ၁၆ ရက် မနက် ၁၀ နာရီလောက်က KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်ဖျက်ဆီးနေချိန်မှာပဲ အင်းတော်မြို့ ရိက္ခာကုန်းဘက်မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် နဘားရွာအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ပြောပါတယ်။
IR အဖွဲ့ တာဝန်ရှိသူတယောက်က “လူတွေ အထိအခိုက် မရှိခဲ့ပါဘူး။ ဖမ်းဆီးထားတဲ့ ဝန်ထမ်း လေးယောက်ကိုလည်း စစ်မေးစရာရှိတာ စစ်မေးပြီး ပြန်လွှတ်ပေးမယ်။ ဝန်ထမ်းအိမ်ရယ်၊ ဂိတ်တဲရယ်၊ စစ်သားတွေ အရင်ကပျက်လို့ ထားခဲ့တဲ့ကားရယ် မီးရှို့ဖျက်ဆီးခဲ့တာပါ။ ရှေ့ဆက်ပြီး စစ်ကောင်စီနဲ့ပတ်သက်တာ မှန်သမျှ ဖျက်ဆီးသွားမှာပါဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ခေါ်ဆောင်သွားတဲ့ အမျိုးသားလေးယောက်ကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးမယ်လို့ Indaw Revolution-IR အဖွဲ့က ဆိုပါတယ်။
အင်းတော်-ဗန်းမောက် ကားလမ်းပိုင်းကိုလည်း ဒီနေ့ ဩဂုတ် ၁၆ ရက် မနက် ၁၁ နာရီက စပြီး ကား၊ ဆိုင်ကယ်၊ သုံးဘီးတွေ ဖြတ်သန်းသွားလာတာ မပြုလုပ်ကြဖို့ ယာယီပိတ်ထားကာ လမ်းပြန်ဖွင့်တဲ့အချိန်ကို ပြန်လည်ကြေညာပေးမယ်လို့ IR အဖွဲ့က ထုတ်ပြန် အသိပေးထားပါတယ်။