နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိမှုတွေကို သြဂုတ် ၁၆ ရက်က နေပြည်တော် အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံး နဲ့ နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှုအတွက် အဂတိမကော်မရှင်က တရားလို ဦးအောင်ခန့်ကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာငါးသိန်းခွဲ လာဘ်စားတယ်လို့ စွပ်စွဲပြီး တရားစွဲဆိုထားတဲ့ အဂတိနှစ်မှုမှာ ဥပဒေအရာရှိ အပြောင်းအလဲ ဖြစ်တဲ့အတွက် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းပြန်လည် ချိန်းဆိုလိုက်တယ်လို့လည်း အဆိုပါ နီးစပ်သူက ဆိုပါတယ်။