DVB Logo
Home
မြန်မာသတင်း
ကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်ဖောင်းပွမှုဒဏ် အခြေခံလူတန်းစားများခံနေရဟု သုတေသီများ ပြော
DVB
·
August 16, 2022
ကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်ဖောင်းပွမှုဒဏ် အခြေခံလူတန်းစားများခံနေရဟု သုတေသီများ ပြော
Donate to DVB

စစ်ကောင်စီရဲ့ မဆင်မခြင် ငွေကြေးရိုက်ထုတ်မှုက ကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့အတူ ငွေကြေးဖောင်းပွမှုနှုန်းကလည်း Hyper Inflation အဆင့်ထိ သွားနေပြီဖြစ်တာကြောင့် လခစားဝန်ထမ်းနဲ့ အခြေခံလူတန်းစားတွေဟာ ဒီဒဏ်ကိုခံနေရပြီလို့ သုတေသီတွေက ပြောပါတယ်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ စနစ်တကျ စိစစ်သုံးစွဲလျက်ရှိတဲ့ ရန်ပုံငွေ လက်ကျန် ၄၉၁ ဒသမ ၁၈ ဘီလီယံမှ ကျန် ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေ ထူထောင်ပြီး စိုက်ပျိုး မွေးမြူရေးကို အခြေခံတဲ့ ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားတဲ့အကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

စီးပွားရေးလုပ်ငန်းတွေအပေါ် ကုစားမယ့် စစ်ကောင်စီခေါင်းဆောင်ရဲ့ အစီအစဉ်ဟာ လက်တွေ့မှာတော့ အလုပ်ဖြစ်တဲ့ မူဝါဒ မဟုတ်တာကြောင့် အချိန်အခါနဲ့ ကွဲလွဲလို့နေတယ်လို့ စီးပွားရေးသုတေသီတယောက်က ပြောပါတယ်။ 

“ယခင် ကိုဗစ်ကာလဖြစ်ခါစတုန်းက လုပ်ငန်းရှင်တွေမှာ ပိုက်ဆံတွေ ပြတ်သွားတယ်ပေါ့။ အဲဒီတော့ ကျနော်တို့ စီးပွားရေးသီအိုရီအရ (injection) ဆေးထိုးတယ်ပေါ့နော်။ ဆေးထိုးတယ်ဆိုတာ ပိုက်ဆံတွေ ထည့်ပေးလိုက်တာပေါ့။ အဲဒီလို ပိုက်ဆံတွေ ထည့်ပေးလိုက်ရင် လုပ်ငန်းတွေ ပြန်လည်နိုင်မယ်လို့ တွက်ချက်ထားတာပေါ့။ ဒါက အဲဒီအချိန်တုန်းကတော့ ဟုတ်တယ်။ ဒါပေမဲ့ အခုအချိန်မှာ ငွေကြေးတွေ ထည့်ပေးလိုက်လို့လည်း ဘာမှထူးလာမှာ မဟုတ်ဘူး ကျနော်တော့ မြင်တယ်။” 

ဒီသက်ရောက်မှုက ပြည်တွင်း ကျပ်ငွေတန်ဖိုးသာ ကျဆင်းလာမှာဖြစ်ပြီး မရှိမဖြစ် တင်သွင်းနေရတဲ့ သွင်းကုန်တွေအတွက် နိုင်ငံခြားငွေလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တာကြောင့် ဈေးကွက်မှာ ဈေးနှုန်းနဲ့အတူ ကုန်ပစ္စည်း ပြတ်လပ်မှုတွေ ရှိလာတော့မှာပါ။

စီးပွားရေးပညာရှင်တယောက်ကလည်း “ဒီပုံစံအတိုင်းသွားရင် hyper inflation အထိ ဖြစ်သွားနိုင်တာပေါ့။ hyper inflation အပြင် အခု သူက ထုတ်နိုင်တာက ကျပ်ငွေပဲ ထုတ်နိုင်တာ။ ဒါကြောင့် သူက ကျပ်ငွေကို လှိမ့်ထုတ်လိုက်တဲ့အတွက် ကျပ်ငွေတန်ဖိုးကသာ ကျသွားတယ်။ နိုင်ငံခြားက သွင်းရတဲ့ ပစ္စည်းတွေက ဒေါ်လာနဲ့ပဲ သွင်းရတာဖြစ်လို့ ဒေါ်လာကို လျော့ကျဖို့ သူတို့က လုပ်လာတယ်။ ဒါကြောင့် စက်သုံးဆီတင်သွင်းမှုကို လျှော့ချမယ်လို့ ပြောလိုက်တော့ ချက်ချင်းပဲ ဈေးကွက်မှာ စက်သုံးဆီဈေးတွေ တက်သွားတဲ့အပြင် တချို့နေရာတွေမှာ စက်သုံးဆီက ပြတ်လပ်နေပြီ။ ဆိုတော့ သွင်းကုန်ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။ သွင်းကုန်တွေက နိုင်ငံခြားငွေကြေးနဲ့ ပေးရတာဆိုတော့ ဒီပြဿနာက ဈေးကွက်ထဲမှာ ရှိနေမယ်။ ဈေးကွက်ထဲမှာ ဈေးတက်မှုနဲ့အတူ ကုန်ပစ္စည်းပြတ်လပ်မှုတွေ ရှိလာမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏနဲ့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏတို့ဟာ အချိုးညီနေဖို့လိုပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏကသာ များနေပြီး ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏက နည်းနေပြီဆိုရင် စီးပွားရေးသီအိုရီအရ တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှု ရှိနေပြီလို့ ဆိုရမှာပါ။

စီးပွားရေးသုတေသီတွေက “အခု မြန်မာပြည်မှာ ငွေကြေးဖောင်းပွမှုနှုန်းက ၁၇ ရာခိုင်နှုန်းနဲ့  ၂၀ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားကြတယ်။ ဒါပေမဲ့ ဂဏန်းတွေက မငြိမ်တော့ တွက်ဖို့ ခက်တယ်။ အခု အဓိက မြင်နိုင်တဲ့အချက်က ဓာတ်ဆီဈေး၊ ဒေါ်လာဈေးနဲ့ ရွှေဈေးကို ကြည့်လိုက်ရင် တက်တဲ့နှုန်းက ၄၀ ရာခိုင်နှုန်းလောက်အထိ တက်တာတွေ့ရတယ်။ ဒီတော့ ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၃၀ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်း ပြေးနေမယ်လို့ ခန့်မှန်းလို့ ရတယ်။ ဆိုတော့ အဲဒီတက်တဲ့နှုန်းက အရမ်းများတယ်။ ဒါပေမဲ့ တဖက်မှာ လုပ်ခလစာက ၄၀ ရာခိုင်နှုန်း တက်မလာဘူးနော်။ ဒီတော့ ဒီဒဏ်ကို ဘယ်သူတွေခံရမလဲဆိုရင် ပုံသေလစာရတဲ့သူတွေနဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေ ခံရလိမ့်မယ်။ ဘာကြောင့်ဆို ကုန်ဈေးနှုန်းက တက်လာပြီလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ နောက်ဆုံး အပြီးသတ် စိစစ်ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းက အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ထိုးကျသွားပြီလို့ ဖော်ပြထားပါတယ်။ ဒါက ၂၀၂၁ ခုနှစ်အတွက် ခန့်မှန်းတွက်ချက်ခဲ့တာပါ။

အလားတူ ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၂ ခုနှစ်အတွက် နိုင်ငံအသီးသီးရဲ့ စီးပွားရေးတိုးတက်မှုအပေါ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို ထည့်သွင်းတွက်ချက်နိုင်မှု မရှိတော့တဲ့အတွက် ကွက်လပ်ထားခဲ့ပါတယ်။ အကြောင်းရင်းက အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်တဲ့ အချက်အလက်တွေအပေါ် အယုံအကြည် မရှိတဲ့အတွက် ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီအဖွဲ့ ခေါင်းဆောင်ကတော့ မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုပါက လာမယ့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကို ရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ်အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်ထိ ရောက်နိုင်တယ်လို့ စည်းလွတ်ဝါးလွတ် ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013