DVB Logo
Home
မြန်မာသတင်း
ကရင်နီ (ကယား) ပြည်နယ်၌ စက်သုံးဆီ ဈေးနှုန်းမြင့်တက်၊ အကန့်အသတ်ဖြင့် ရောင်းချ
DVB
·
August 16, 2022
ကရင်နီ (ကယား) ပြည်နယ်၌ စက်သုံးဆီ ဈေးနှုန်းမြင့်တက်၊ အကန့်အသတ်ဖြင့် ရောင်းချ
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာ စက်သုံးဆီပြတ်လပ်မယ့် အနေအထား ရှိနေတဲ့အတွက် စက်သုံးဆီအရောင်းဆိုင် တော်တော်များများက စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချပေးတော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ ဩဂုတ် ၁၅ ရက်ကစပြီး ဒီလိုအကန့်အသတ်နဲ့သာ ရောင်းချပေးနေတာဖြစ်ပြီး ဓာတ်ဆီ တလီတာကို ကျပ် ၂,၅၀၀ ဈေးနဲ့ ရောင်းချနေကြောင်း မြို့ခံတယောက်က ပြောပါတယ်။

“လွိုင်ကော်လည်း ပြတ်ခါနီးပဲ။ လိုသလောက်မရဘူး။ မနေ့ကသွားထည့်တာ ၂၀,၀၀၀ ဖိုးပဲရတယ်၊ အိမ်စီးကား။”

နောက်ထပ် ဒေသခံတယောက်ကလည်း ဒီကနေ့မနက် ကားဆီသွားထည့်တာ ကျပ် ၁၀,၀၀၀ ဖိုးပဲ ဆီရောင်းပေးကြောင်း ပြောပါတယ်။

“ကားဆို တသောင်း နှစ်သောင်းဖိုး ရောင်းပေးတယ်။ ဆိုင်ကယ်က သုံးထောင်ဖိုး။ ပြတ်တော့ မပြတ်သေးဘူး။ ဒီနေ့ကပဲ သွားဝယ်တာ။ ပြည်အောင်ရတနာက တသောင်းဖိုး ရောင်းပေးတယ်။ တော်ဝင်က နှစ်သောင်းဖိုးရောင်းပေးတယ်။ ဆီတွေထပ်ဝင်ဖို့ ရှိသေးတယ်လို့ ပြောတယ်။” 

လွိုင်ကော်မြို့မှာနေတဲ့ အမျိုးသမီးတယောက်ကတော့ “ဒီနေ့ ဆိုင်ကယ် ဆီသွားထည့်တာ သုံးထောင်ဖိုး ထည့်ခဲ့တယ်။ အရင်က တထောင် နှစ်ထောင်ဆို ထည့်လို့ရပေမဲ့ အခု ဆီပြတ်မှာစိုးလို့ သုံးထောင်ဖိုး ထည့်လာခဲ့တယ်” လို့ ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်ခါနီးဖြစ်တဲ့ ဆိုင်တချို့မှာတော့ ကားတွေကို ဆီရောင်းချပေးတာမျိုး မရှိတော့ဘဲ ဆိုင်ကယ်တမျိုးသာ တစီးကို ကျပ် ၂,၀၀၀ တန် ရေသန့်ဘူးတဘူး ဆီထည့်ပေးနိုင်တော့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

လွိုင်ကော်မြို့ စက်သုံးဆီဆိုင်ကြီးတွေမှာတော့ ဓာတ်ဆီ 92 တလီတာကို ကျပ် ၂,၅၀၀ ရောင်းချနေပြီး တဂါလန်ကို ကျပ် ၁၁,၅၀၀ ဈေးရှိပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာတော့ ဓာတ်ဆီ၊ ဒီဇယ် လုံးဝပြတ်လပ်နေပြီး 92 တလီတာကို ကျပ် ၃,၅၀၀ အထိ ပေးဝယ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာလည်း ဓာတ်ဆီတဂါလန် ၁၃,၀၀၀ ဈေးပေါက်ပြီး မနေ့ကတည်းက ဆီတွေ ဝယ်မရဘဲ ပြတ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဖားဆောင်းမြို့နယ်မှာတော့ ဓာတ်ဆီ တလီတာကို ကျပ် ၃,၀၀၀၊ ဒီဇယ် တဂါလန်ကို ကျပ် ၁၅,၀၀၀၊ ပုံးဝါတပုံး ကျပ် ၇၀,၀၀၀ ဈေးရှိနေပါတယ်။

စက်သုံးဆီတွေကို လွိုင်ကော်ကနေတဆင့် ဝယ်ယူအသုံးပြုရတဲ့အတွက် လွိုင်ကော်မြို့မှာ စက်သုံးဆီ ပြတ်လပ်ရင်တော့ တခြားမြို့တွေပါ ပြတ်လပ်နိုင်တဲ့ အနေအထား ရှိနေပါတယ်။

ရန်ကုန်၊ မန္တလေး အပါအဝင် တခြားမြို့တွေမှာလည်း အခုလို စက်သုံးဆီဈေးမြင့်တက်တာ၊ ပြတ်လပ်တာတွေ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့  စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ဆီဆိုင်ကြီးတွေမှာ စက်သုံးဆီ ဝယ်သူများပြီး စက်ပျက်တဲ့သဘောဖြစ်ကြောင်း သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီတင်သင်္ဘောတွေ ဆိုက်ရောက်ကုန်ချနေသလို နောက်ထပ် စက်သုံးဆီသင်္ဘော ၁၂ စီးလည်း ထပ်ဝင်လာဖို့ရှိကြောင်း ဂါလန် ၁၃ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်လို့ မနေ့က မီဒီယာတွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013