Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ၂ ရက်ဆက် မိုင်းဆွဲခံရ
DVB
·
August 16, 2022
299227712_184605450692546_4201531991674052990_n

မကွေးတိုင်း  မြိုင်မြို့နယ်ထဲက တဲကြီးရွာနဲ့ နယ်သတ်ရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂ ရက်ဆက်တိုက် မိုင်းဆွဲခဲ့ပြီး  ၇ ယောက် သေဆုံးခဲ့တယ်လို့  မြိုင် ပ.က.ဖ တပ်ရင်း (၁) တပ်ရင်းမှူး ဗိုလ်လက်ယာက  ပြောပါတယ်။

ကမ္မမြို့ကနေ ကျောက်ခွက် ဖလံကိုင်းဘက်ကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကား ၂ စီးကို တဲကြီးနဲ့ နယ်သတ်ရွာကြားမှာ သြဂုတ် ၁၅ ရက် နေ့လယ် ၁ နာရီကျော်လောက် မြိုင် ပ.က.ဖ က မိုင်း ၁၄ လုံးနဲ့ ၂ နေရာခွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကင်းပုန်းဝတ် စစ်သား ၃ ယောက်နဲ့ ကားပေါ်ပါလာတဲ့ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့  ဗိုလ်လက်ယာက ပြောပါတယ်။

“ကားပေါ်မှာက စစ်သား ၂၁ ယောက်လောက်ပါတာ။ ကင်းပုန်းဝတ်နေတဲ့ စစ်သား ၄ ယောက်က သစ်ပင်အောက်ကို ဝင်ပုန်းချိန် မိုင်း ၃ လုံး ကွဲပြီး ၃ ယောက် သေတယ်၊ ၁ ယောက် ဒဏ်ရာ ရတယ်။ ကားပေါ် ပါတဲ့ စစ်သား တယောက် သေပြီး ၃ ယောက် ဒဏ်ရာ ရတယ်။” 

အလားတူ သြဂုတ် ၁၆ ရက် မနက် ၇ နာရီကလည်း စစ်ကောင်စီတပ်ကို မိုင်း ၉ လုံး ဆွဲပြီး ထပ်မံ တိုက်ခိုက်တာကြောင့်   ၃ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ဒေသခံတယောက်ရဲ့ နေအိမ်ကို မီးရှို့ခဲ့တယ်လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။

နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တာရှိခဲ့ပေမယ့် မြိုင် ပ.က.ဖ ရဲဘော်တွေ အထိခိုက် အကျဆုံး မရှိခဲ့ဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေဆုံး ဒဏ်ရာရတဲ့ အခြေအနေကိုတော့ ဒီဗွီဘီက သီးခြား အတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မြိုင်မြို့နယ်ထဲကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာရာမှာ သြဂုတ် ၇ ရက်ကနေ ဒီနေ့အထိ ရွာ ၁၀ ရွာလောက်က အိမ်ခြေ ၂၀၀ လောက်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ပန်းတိုင်းတောကျေးရွာခံတဦးက ပြောပါတယ်။’

ရေစကြိုမြို့နယ်၊ တာတိုင်ကျေးရွာကိုလည်း သြဂုတ် ၁၅ ရက်ညက စစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ကျေးရွာ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ရွာကို စစ်တပ်နဲ့  ပျူတွေက ည ၁၀ နာရီခွဲလောက် လက်နက်ကြီးငယ်တွေနဲ့ ပစ်ပြီး ဝင်လာတယ်။ မီးရှို့ ဖျက်ဆီးကြတယ်။ ကျနော်တို့မှာ ညကြီး အသက်လု ထွက်ပြေး ခဲ့ရတယ်။ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ နာမကျန်းဖြစ်နေသူတွေ အခက်အခဲ ဖြစ်နေကြတယ်။ ရွာမှာရှိတဲ့သူအားလုံး လွတ်လာလား ဆိုတာတော့ မသိရဘူး။ စားစရာ သောက်စရာလည်း ဘာမှပါမလာကြဘူး ” လို့ ပြောပါတယ်။

သက်ရွာနဲ့ တောင်အိုရွာကြားမှာ ည ၇ နာရီကျော်လောက်က ပေါက်ကွဲသံ ကြားရပြီး ခဏအကြာမှာ စစ်တပ်နဲ့ ပျူစောထီးတွေ ရောက်လာကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး သက်ရွာက စျေးဆိုင်တွေနဲ့ တာတိုင်ရွာက အိမ်တွေကို ဝင်ရောက် မီးရှို့တာလို့ အဲဒီဒေသခံက ဆိုပါတယ်။

အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ တာတိုင်ကျေးရွာမှာ  နေအိမ် ဘယ်နှလုံး မီးလောင်တယ်ဆိုတာကို စစ်တပ် ပြန်ထွက်မှပဲ အတည်ပြုနိုင်မှာဖြစ်ပြီး လတ်တလော ထွက်ပြေးလာသူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ အမိုးအကာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးတာကြောင့်  မြိုင်၊ ရေစကြို၊ ပေါက်နဲ့ ပခုက္ကူမြို့နယ်တွေက ဒေသခံ ၁၀,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်တပ်က မီးရှို့ခဲ့တယ်လို့ Data For Myanmar ရဲ့ ဇွန် ၇ ရက်ထုတ်ပြန်ချက်က ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024