
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအတွင်းနဲ့ အဲဒီကျေးရွာအနီးတဝိုက် ဝန်းကျင်တွေမှာ စစ်ကောင်စီတပ် သတ်ဖြတ်ထားတဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်းတွေ သြဂုတ် ၁၅ ရက်မှာ ထပ်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်ထိ ရင်ပေါင်တိုင်ကျေးရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်ထားတဲ့ ပြည်သူရုပ်အလောင်း ၁၇ လောင်း တွေ့ရှိခဲ့သလို ပုလဲမြို့နယ် ပုထိုးသာကျေးရွာမှာလည်း အမျိုးသမီးတလောင်းနဲ့ ကမ္ဘားရပ်ကျေးရွာအနီးမှာ အမျိုးသားငါးလောင်း တွေ့ရှိခဲ့ရကာ စုစုပေါင်း ပြည်သူရုပ်အလောင်း ၂၃ လောင်းထိ တွေ့ရှိထားပြီး အဲဒီအထဲမှာ မီးလောင်ထားတဲ့ ရုပ်အလောင်း ၅ လောင်း ပါဝင်တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေနဲ့ပတ်သက်ပြီး ဒေသခံတယောက်က “သေဆုံးခဲ့တဲ့သူတွေထဲမှာ အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၉ ဦး ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပြီး အဲဒီအထဲ အသက်အရွယ် ကြီးရင့်သူတွေ ပါသလို ကလေးငယ်တချို့လည်း ပါဝင်ပြီး မသန်စွမ်းအမျိုးသမီးတဦးလည်း ပါဝင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာနဲ့ ပုလဲမြို့နယ် ပုထိုးသာကျေးရွာတို့က ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသလို သြဂုတ် ၁၄ ရက်ကလည်း ပုလဲမြို့နယ် ကမ္ဘားရပ်ကျေးရွာက နေအိမ် ၁၄ လုံးနဲ့ ရွာဘုံအဆောက်အဦ တလုံး အပါအဝင် ရပ်ရွာပိုင် စိုက်ပျိုးရေးမျိုးစေ့တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလို ပြည်သူတွေကို သတ်ဖြတ်၊ ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သြဂုတ် ၁၄ ရက်က ပုလဲမြို့နယ်အတွင်း တနေရာမှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ကျဆုံးမှုတွေ ရှိတယ်လို့ သိရပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတေယာက်က ပြောပါတယ်။
လက်ရှိအချိန်မှာ အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ပုလဲမြို့နယ်အတွင်းကို ဝင်ရောက် မွှေနှောက်နေတာကြောင့် ပုလဲမြို့နယ်က ကျေးရွာ ၈ ရွာလောက်က ဒေသခံတွေဟာ နေအိမ်တွေမှာ မနေရဲကြဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရလို့ သိရပါတယ်။