Home
မြန်မာသတင်း
ကလေးမြို့ စက်သုံးဆီဆိုင်အချို့ ဆီပြတ်လပ်
DVB
·
August 15, 2022

စစ်ကိုင်းတိုင်း၊ ကလေးမြို့ စက်သုံးဆီဆိုင်အချို့မှာ ဩဂုတ် ၁၅ ရက်နေ့ ဒီနေ့ ကစတင်ကာ စက်သုံးဆီပြတ်လပ်နေပြီး အလုံအလောက်ဝယ်ယူမရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ကလေးမြို့မြို့လယ်က စက်သုံးဆီဆိုင်ကြီးတခုဖြစ်တဲ့ မြမြတ္တာမွန်ဆီဆိုင်မှာ ဒီနေ့မနက်ပိုင်းက စတင်ပြီး စက်သုံးဆီတွေ ပြတ်တောက်သွားကာ ဆီဆိုင်ပိတ်ထားလိုက်ရတယ်လို့ ပြောပါတယ်။

စက်သုံးဆီဆိုင်‌တွေမှာတော့ စက်သုံးဆီ 92 နဲ့ 95 ကို ဆိုင်ကယ်ထဲ အပြည့်ဖြည့်ပေးပြီး ပုံးဆွဲဝယ်မရကြောင်း၊ ကားတစီးကို သုံးသောင်းကျပ်ဖိုးသာ ရောင်းချပေးတယ်လို့ ဆိုပါတယ်။

"တခြားမြို့ကြီးတွေမှာဆို စက်သုံးဆီက ပြတ်တောက်နေတော့ ကျနော်တို့မြို့မှာလည်း ပြတ်တောက်နိုင်တဲ့ အနေအထားရှိတယ်။ ကျနော်တို့ ကလေးမြို့ကနေ မြန်မာနိုင်ငံ အောက်ပိုင်းတွေကို အခုဆို ကလေးဝ-မဟာမြိုင်လမ်းက တံတား ၃ စင်း ကျိုးထားလို့ သွားမရဘူး။ ကလေး-ဂန့်ဂေါလမ်းပိုင်း‌ဆိုရင် သွားမရတာကြာပြီ။ ဒါကြောင့် စက်သုံးဆီက ပြတ်နိုင်တယ်။မြ မြတ္တာမွန်ဆီဆိုင်ဆိုရင် စက်သုံးဆီပြတ်သွားလို့ ဆိုင်ပိတ်လိုက်ရပြီ။ ကျန်တဲ့ဆိုင်တွေလည်း ခွဲတမ်းနဲ့ပဲ ရောင်းချပေးနေတာ။ လိုသလောက်မရတော့ အဆင်မပြေဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

စက်သုံးဆီဆိုင်က အရောင်းဝန်ထမ်းတဦးကတော့ ဆိုင်မှာ လက်ရှိ ဆီမပြတ်သေးဘဲ နောက်ထပ် ဆီကားမဝင်နိုင်ပါက ပြတ်တောက်နိုင်တဲ့အနေအထားရှိပြီး ဒေသခံတွေ အဝယ်များနေတာကြောင့် ခွဲတမ်းနဲ့ ရောင်းချပေးနေရတာတယ်လို့ ပြောပါတယ်။

ကလေးမြို့မှာ ဩဂုတ် ၁၅ ရက်နေ့မှာ စက်သုံးဆီဆိုင်တွေ တဆိုင်တဆိုင် ဈေးအနည်းငယ်သာ ကွာဟမှုရှိနေပြီး  အောက်တိန်း 92 တစ်လီတာကို ကျပ် ၄၀၀၀ ဝန်းကျင်အထိရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024