ရန်ကုန်တိုင်းအတွင်းက စက်သုံးဆီဆိုင်တွေမှာ အရောင်းရပ်တန့်ထားတာ၊ အကန့်အသတ်နဲ့ ရောင်းချနေတာတွေ ရှိ၊ မရှိကို ကြီးကြပ်စစ်ဆေးပြီး အရေးယူဆောင်ရွက်ဖို့ စစ်ကောင်စီက ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီကို အကြောင်းကြားထားတဲ့စာ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။
စက်သုံးဆီဆိုင်အချို့က ဈေးနှုန်းအပြောင်းအလဲ ရှိလာနိုင်မယ်လို့ ယူဆပြီး ကိုယ်ကျိုးစီးပွားမျှော်ကာ စက်သုံးဆီ ပြတ်လပ်တယ်၊ လက်ကျန် နည်းပါးနေတယ်လို့ဆိုပြီး အရောင်းရပ်တန့်တာ၊ အကန့်အသတ်နဲ့ ရောင်းချတာတွေကို လုပ်ဆောင်နေတယ်ကို သိရှိရတာကြောင့် မလိုလားအပ်တဲ့ စက်သုံးဆီ ပြတ်လပ်တယ်ဆိုတဲ့ သတင်းအမှားတွေ မရှိဖို့နဲ့ ပြည်သူတွေ စိုးရိမ်ကြောင်းကြ မဖြစ်စေဖို့အတွက် ရန်ကုန်တိုင်းအတွင်းက စက်သုံးဆီဆိုင်တွေကို ကြီးကြပ်စစ်ဆေးပြီး အရေးယူဆောင်ရွက်ဖို့ အကြောင်းကြားထားတာဖြစ်ပါတယ်။
သြဂုတ် ၁၃ ရက် နေ့ရက်စွဲနဲ့ ထွက်ပေါ်လာတဲ့ အဲဒီအကြောင်းကြားစာမှာ အများပြည်သူက မှန်ကန်တဲ့ ဈေးနှုန်းနဲ့ စက်သုံးဆီ ၀ယ်ယူသုံးစွဲနိုင်ဖို့၊ စက်သုံးဆီ ပြတ်လတ်မှု မရှိစေဖို့အတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီက ကြိုးစားဖြည့်တင်း ဆောင်ရွက်ပေးနေတယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ အခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် နယ်မြို့ကြီးတွေက စက်သုံးဆီဈေး ကြီးမြင့်ပြီး လိုသလောက် ဝယ်မရတဲ့ အခြေအနေတွေ ထပ်မံဖြစ်ပေါ်နေပြီး စက်သုံးဆီ အရောင်းဆိုင်အများစုက ယာယီ အရောင်းရပ်တန့်ထားကြပါတယ်။
အကန့်အသတ်နဲ့ ရောင်းချပေးနေတဲ့ဆိုင်တချို့မှာပဲ ကားတွေ၊ ဆိုင်ကယ်တွေ တန်းစီ စောင့်ဆိုင်းပြီး ခက်ခက်ခဲခဲ ၀ယ်ယူနေကြရတာပါ။
ဩဂုတ် ၁၅ ရက် ဒီနေ့ ရန်ကုန်စျေးကွက်အတွက် 92 အမျိုးအစား ဓာတ်ဆီ တစ်လီတာ ပေါက်စျေးက ၂၃၂၀ ကျပ် ဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်က ဖြစ်ခဲ့တဲ့ဈေးနဲ့ယှဥ်ရင် တစ်လီတာကို ကျပ် ၇၀၀ ၀န်းကျင် မြင့်တက်လာပါတယ်။