နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားတဲ့ လရောင်တောအမှုတွေအတွက် နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးက ဩဂုတ် ၁၅ ရက်နေ့ရုံးချိန်းမှာ ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
နေပြည်တော်တရားရုံးမှာစွဲဆိုခဲ့တဲ့ အမှုနံပါတ် ၃၊ ၄၊ ၅ တို့အတွက် တမှုကို ၃ နှစ်စီ တရားရုံးက ချမှတ်ခဲ့ပေမယ့် အမှု ၃ ခုကို တပေါင်းတည်း ပေါင်းပေးခဲ့ပြီး ထောင်ဒဏ် ၃ နှစ်ပဲချမှတ်ခဲ့ကြောင်း၊ ရန်ကုန်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာ ငှားရမ်းတာနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့ အမှုနံပါတ် ၂၅ အတွက်လည်း ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခဲ့တာကြောင့် အတိုင်ပင်ခံဟာ ဒီနေ့ ရုံးချိန်းမှာ စုစုပေါင်းထောင်ဒဏ် ၆ နှစ်ချမှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုစုစုပေါင်း ၂၀ ထက်မနည်းရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ် ကနဦးချမှတ်ထားတာပါ။ ဒီနေ့ချမှတ်တဲ့ထောင်ဒဏ် ၆ နှစ်နဲ့ဆိုရင် အတိုင်ပင်ခံဟာ စုစုပေါင်းထောင်ဒဏ် ၁၇ နှစ်အထိ ချမှတ်ခံထားရပါတယ်။
နေပြည်တော်တရားရုံးက စွဲဆိုထားတဲ့အမှုတွေမှာ ပူးတွဲတရားစွဲခံထားရတဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကိုလည်း ၂ မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပေမယ့် အမှု ၂ ခုကိုပေါင်းပြီး ၃ နှစ်ပဲ ကျခံစေခဲ့တယ်လို့ သိရပါတယ်။
ပူးတွဲတရားစွဲခံခဲ့ရတဲ့ အစိုးရရုံးဝန်ကြီး ဦးမင်းသူကို ထောင်ဒဏ် ၂ နှစ်၊ ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦးကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
“အမှုနံပါတ် ၃၊ ၄၊ ၅၊ ၂၅ ကို တမှုကို သုံးနှစ်စီချတယ်။ ၃၊ ၄၊ ၅ က နေပြည်တော်က ကိစ္စတွေ ဖြစ်တဲ့အတွက် အဲဒါတွေ ပေါင်းပေးတယ်။ အဲဒီသုံးမှုအတွက် ၃ နှစ်ပဲ ကျတယ်။ တပေါင်းတည်း ပေါင်းလိုက်တယ်။ ၂၅ ကတော့ ရန်ကုန်က မြေငှားတဲ့ကိစ္စ။ အဲဒါအတွက် ၃ နှစ် စုစုပေါင်း ၆ နှစ် ထပ်ချလိုက်တယ်။ ဒေါက်တာမျိုးအောင်က ၂ မှုတွဲတယ်။ ၃ နှစ်စီ ၆ နှစ်ချတယ်။ ဒါပေမဲ့ ၂ မှုကို ပေါင်းပေးတဲ့အတွက် ၃ နှစ်ပဲ ချတယ်။ ကိုရဲမင်းဦးက ၁ မှု ၃ နှစ်ချတယ်။ အမှုတွဲ နေပြည်တော်က ဦးမင်းသူက ၂ နှစ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အမှုချည်းပဲ ဒီနေ့က” လို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဦးစီးခဲ့တဲ့ လရောင်တော စိုက်ပျိုးသင်တန်း သက်မွေးကျောင်းအတွက် မြေဧက ၁၀၀ ကျော် လျှောက်ထားရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက အတိုင်ပင်ခံကို အဂတိအမှုတွေနဲ့ စွဲဆိုခဲ့ပြီး ဒီနေ့မှာ ထောင်ဒဏ်တွေချမှတ်ခဲ့တာပါ။
အဂတိအမှုတွေဟာ တမှုချင်းစီအတွက် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်စီအထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်ပေမယ့် စစ်ကောင်စီတရားရုံးက အမှုတွေကို ပေါင်းခွင့်ပေးခဲ့ပြီး ထောင်ဒဏ်တွေကိုလည်း လျှော့ပေါ့ချမှတ်ထားတာ တွေ့ရပါတယ်။