စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားရွာအရှေ့မြောက်ဘက် ပျူစောထီး ခေါင်းဆောင် နေအိမ်ကို ဩဂုတ် ၁၄ ရက် မနက် ၉ နာရီလောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ပျူစောထီးခေါင်းဆောင် နေအိမ်မှာ စစ်သားတွေ PDF ဟန်ဆောင်ပြီး ရောက်ရှိနေတာကိုသိလို့ အခုလို ဝင်တိုက်ခံရတာ ဖြစ်နိုင်တယ်လို့ ရွာခံတချို့က ပြောပါတယ်။
အင်္ကုက္ကားရွာခံ တဦးက “တန့်ဆည်မှာ အခုလပိုင်း စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်တာ စိတ်လာတယ်။ စစ်သားတွေက ဝတ်စုံမဝတ်ဘဲ PDF ဟန်ဆောင်ပြီး ရွာတွေထဲကို ဝင်လှုပ်ရှားလာတယ်။ အခုလည်း သတင်းရလို့ဖြစ်မယ် အဲဒီအိမ်ကို ဝင်တိုက်ကြတာ”လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပျူစောထီး ၇ ယောက် သေဆုံးခဲ့ပြီး PDF ၂ ယောက် လက်နက်ကြီးထိမှန်ပြီး မစိုးရိမ်ရတဲ့ ဒဏ်ရာရတယ်လို့ ဒေသခံ PDF အဖွဲ့ဝင်တွေက ပြောပါတယ်။
ဒေသခံ PDF တပ်ဖွဲ့ဝင် တဦးရဲ့အဆိုအရ သူတို့အနေနဲ့ ဒရုန်းသုံးပြီး ဗုံးသီးချ တိုက်ခိုက်ချိန်မှာ စစ်သားတွေ အိမ်ထဲက ထွက်ပြေးလာတာကြောင့် သူတို့နဲ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံးများတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲကို တန့်ဆည်တပ်ရင်း (၆)၊ ပကဖအဖွဲ့နဲ့ KPK အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။