DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီ တပိဿာ ၄၁၄၀ ကျပ်နှုန်း သတ်မှတ်ထားသော်လည်း နှစ်ဆကျော် မြင့်တက်နေ
DVB
·
August 15, 2022
စားအုန်းဆီ တပိဿာ ၄၁၄၀ ကျပ်နှုန်း သတ်မှတ်ထားသော်လည်း နှစ်ဆကျော် မြင့်တက်နေ
1 / 3
Donate to DVB

စစ်ကောင်စီလက်အောက်ခံ စားသုံး ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက စားအုန်းဆီ  ၁ ပိဿာကို ၄၁၄၀ ကျပ်နှုန်း သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်မှာ ၂ ဆကျော် ပေးဝယ်နေရတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနဲ့အညီ ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ထိန်းကျောင်းဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဈေးနှုန်းသတ်မှတ်ရာမှာလည်း စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းများအပေါ် နေ့စဉ် စောင့်ကြည့်လျက်ရှိကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ် အပါအဝင် ဘဏ်စရိတ်နဲ့ အခွန်အခများအား ထည့်သွင်း တွက်ချက်ပြီးနောက် ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားရမယ့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို တပတ်လျှင် တကြိမ် ထုတ်ပြန်ပေးနေတာပါ။

ဒါကြောင့် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများရှိ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုများအရ သြဂုတ် ၁၅ ရက်မှ ၂၁ ရက်အထိ ရန်ကုန်ထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ ၁ ပိဿာကို  ၄၁၄၀ ကျပ်နှုန်းနဲ့ တွက်ချက်ပြီး သတ်မှတ်ပေးထားပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ် (သြဂုတ် ၈ ရက်မှ ၁၄ ရက်အထိ) အတွက် ရည်ညွှန်းဈေးနှုန်းက စားသုံးဆီ ၁ ပိဿာကို ၃၅၂၅ ကျပ် သတ်မှတ်ပေးခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့် ဈေးကွက်မှာတော့ စားသုံးဆီ ၁ ပိဿာဈေးနှုန်းက ရည်ညွှန်းဈေးနှုန်းထက် ၂ ဆ ကျော်ပေးဝယ်နေရတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့က အိမ်ရှင်မတဦးက “သူတို့ သတ်မှတ်ပေးတဲ့ဈေးက ဘယ်ဆိုင်မှာမှ မရောင်းတဲ့ဈေးနော်။ အပြင်မှာ ဝယ်ရတဲ့ ဈေးက စားသုံးဆီ ၁ ပိဿာကို ၈၄၀၀ ကျပ် ပေးရတယ်။ ပြည်ပက သွင်းတဲ့ ဟင်းသီးဟင်းရွက်ဆီဆိုရင် ၂ လီတာ ရှိတဲ့ ဘူး ၁ ဘူးကို ၁၂,၀၀၀ ကျပ် ရှိတယ်။ ပြည်တွင်းကထုတ်တဲ့ မြေပဲဆီက ၁ ပိဿာကို ၁၆၀၀၀ နဲ့ ၁၈၀၀၀ အကြားမှာ ရှိတယ်။ စားသုံးဆီဈေးက စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် အဆပေါင်းများစွာ တက်သွားခဲ့တာ အခုအချိန်အထိ အကျမရှိတော့ဘူး၊ အတက်ပဲ ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နေပြည်တော်မှာလည်း စားအုန်းဆီတစ်ပိဿာကို တစ်သောင်းအထိ ပေးဝယ်နေရပြီး ပဲဆီ တစ်ပိဿာကို ၁ သောင်း ၅ ထောင်ကျပ်အထိ ပေးဝယ်နေရတယ်လို့လည်း သိရပါတယ်။

“သူတို့ သတ်မှတ်တဲ့ဈေးနဲ့က အရင်ထဲက ဘယ်မှာမှ ဝယ်လို့ရတာ မဟုတ်ဘူး။ အခုပြောတဲ့ဈေးနဲ့ အပြင်က လက်ရှိပေါက်ဈေးနဲ့က နှစ်ဆမက ကွာနေတာ။ အဲဒီဈေးနဲ့ ဝယ်လို့ရရင်တော့ ကောင်းတာပေါ့” လို့ နေပြည်တော်ပျဉ်းမနားမြို့က စားအုန်းဆီရောင်းချသူတဦးက ပြောပါတယ်။

ဈေးကွက်မှာ စားသုံးဆီဈေးတွေ အခုလို အဆမတန်မြင့်တက်လာတဲ့အတွက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းရဲ့ ကြီးကြပ်မှုနဲ့ ဆီလုပ်ငန်းရှင်များမှ ရန်ကုန်အပါအဝင် မြို့နယ်အချို့မှာ ရွေ့လျားစနစ်အသုံးပြုပြီး စားသုံးဆီအား ကိုတာစနစ်နဲ့ လိုက်လံရောင်းချပေးနေတာ ရှိပါတယ်။

ကိုယ်တိုင်ဝယ်ယူခဲ့တဲ့ စားသုံးသူတဦးကလည်း “ဆီအသင်းက လိုက်ရောင်းပေးတဲ့ ဈေးက အပြင်ဈေးထက် သက်သာတော့ အခြေခံလူတန်းစားတွေအဖို့ ဆီဖိုးကနေ ဆန်ဖိုးလေး ပြန်ရတာပေါ့နော်။ ဒါပေမဲ့ သူတို့ လိုက်ရောင်းပေးတယ်ဆိုတာကလည်း အချိန်သတ်မှတ်ချက် မရှိဘူး။ အခါ၏အားလျော်စွာ လိုက်ရောင်းတာဆိုတော့ နောက်တကြိမ် ဘယ်တော့ ပြန်လာရောင်းမလဲဆိုတာ ရောင်းပေးတဲ့သူတွေကိုယ်တိုင်က မသိဘူး။ ဒီတော့ ဆီလာရောင်းပြီဆိုရင် အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့လူတွေ အချင်းချင်း သတင်းပေးပြီး လာဝယ်ကြတာဖြစ်လို့ လူတွေ များကြတာလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စားသုံးဆီ လိုအပ်ချက်က တနှစ်ကို တန်ချိန် ၁၃ သိန်းလောက် ရှိတဲ့အနက် ပြည်တွင်းထုတ်လုပ်မှုက တန်ချိန် ၄ သိန်းခန့်သာရှိတာကြောင့် လိုအပ်တဲ့ တန်ချိန် ၈ သိန်းကနေ ၁၀ သိန်းဝန်းကျင်အား ပြည်ပကနေ နှစ်စဉ် တင်သွင်းနေရပါတယ်။ ဒီပမာဏက တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိနေတာပါ။

ဒါကြောင့်ပဲ စစ်ကောင်စီခေါင်းဆောင်က နိုင်ငံခြားငွေလိုအပ်ချက်ကို လျှော့ချနိုင်ဖို့အတွက် ပြည်တွင်းမှာ ဆီထွက်သီးနှံတွေ တိုးချဲ့စိုက်ပျိုးဖို့ လုပ်ဆောင်နေပြီး လာမယ့် ၂၀၂၃ ခုနှစ် ဒုတိယရာသီ ဆီထွက်သီးနှံစိုက်ပျိုးပြီးချိန် ဆီဖူလုံမှု အပြည့်အဝ ရရှိမည်ဟု မျှော်လင့်လို့ နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013