DVB Logo
Home
မြန်မာသတင်း
ဒေသခံတော်လှန်ရေးအဖွဲ့များအတွက် လက်နက်တပ်ဆင်ပေးရန် NUG ထံ တောင်းဆို
DVB
·
August 15, 2022
ဒေသခံတော်လှန်ရေးအဖွဲ့များအတွက် လက်နက်တပ်ဆင်ပေးရန် NUG ထံ တောင်းဆို
Donate to DVB

ဇူလိုင်နောက်ဆုံးပတ်ကစလို့ ဒီနေ့အထိ စစ်တပ်က အပြင်းအထန် စစ်ဆင်ရေးဝင်လာတဲ့ ဒီပဲယင်း မြို့နယ်က ဒေသခံတွေကို ကာကွယ်ဖို့နဲ့ တုံပြန်တိုက်ခိုက်ဖို့ ခေတ်မီလုံလောက်တဲ့ လက်နက်တွေ တပ်ဆင်ပေးဖို့ အမျိုသားညီညွတ်ရေးအစိုးရ NUG ကို မြေပြင်ဒေသခံကာကွယ်ရေးတပ်တွေက တောင်းဆိုလိုက်ပါတယ်။

ပြည်တွင်းမှာ အမှန်တကယ်စစ်ဆင်ရေးလုပ်နေတဲ့ မြေပြင်ဒေသခံကာကွယ်ရေးတပ်တွေဟာ တိုက်ပွဲစတင်ကတည်းက အမျိုသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သစ္စာခံတပ်တွေဖြစ်ပြီး တူမီးနဲ့ လက်လုပ်လက်နက်မျိုးစုံအပါအဝင် ရရာလက်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေတာဟာ အခုဆိုရင် ၁ နှစ်တာကာလထိ ရောက်လာခဲ့ပေမဲ့ ခေတ်မီလက်နက် မရှိဖြစ်နေကြရတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း-၂၁ ပြန်ကြားရေးတာဝန်ခံက “လက်နက်အကောင်းစားကြီးတွေ မတပ်ဆင်ရင် နေပါ။ မဖြစ်နိုင်လောက်တဲ့ ပမာဏ တောင်းဆိုတာလည်း မဟုတ်ဘူး။ ဒီလို တောင်းဆိုပေမဲ့ တိကျသေချာတဲ့ အကြောင်းပြန်မှု အခုထိ မရဘူး” လို့ ပြောပါတယ်။

တော်လှန်ရေးအတွင်း အဓိကလှုပ်ရှားနေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တော်လှန်ရေး စတင်ကတည်းက တောင်းဆိုခဲ့တဲ့ ခေတ်မီလက်နက်အကူအညီနဲ့ပတ်သက်လို့ NUG ရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆာဆာက အရေးကြီးတဲ့မြို့တွေကို သိမ်းပိုက်နိုင်ပြီး လေဆိပ် ရရှိနိုင်တဲ့နေ့ လက်နက်အကူအညီရမယ်လို့ မနေ့က အွန်လိုင်းကနေ ဗွီဒီယိုထုတ်လွှင့်အသိပေးပြောကြားခဲ့ပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း-၂၁ ပြန်ကြားရေးတာဝန်ခံက "ရဲဘော်တွေ စိတ်ဓာတ်ကျနေပြီ။ တပ်ရင်းသာ ဖြစ်တယ်။ မောင်းပြန်တလက်မှ မရှိဘူး။ ကျုပ်တို့ အဖိခံရတဲ့ နယ်မြေတွေ မရဘူး။ ဂဠုန်တပ်တော်ဆိုပြီး အရင် လှုပ်ရှားခဲ့တယ်၊ အဲဒီကနေ တပ်ရင်း ၄ ရင်းအထိ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအဖြစ်ရပ်တည်နေတာ။ တပ်ရင်း ၄ ရင်းလုံး တလက်မှ မရ‌သေးဘူ”လို့  ပြောပါတယ်။

NUG ပေးတယ် ထောက်ပံ့တယ်လို့ဆိုတဲ့ ထောက်ပံ့ငွေတွေနဲ့ လက်နက်တွေဟာ အောက်ခြေက အမှန်တကယ် ထိတွေ့ တိုက်ပွဲဝင်ရတဲ့ မြေပြင်တပ်ဖွဲ့တွေဆီမရောက်ဘဲ ရင်းနှီးရာတွေဆီကိုသာ ရောက်နေတယ်လို့ ပြန်ကြားရေးတာဝန်ခံရဲ့ ပြောဆိုချက်အရသိရပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စရိတ်ငွေတချို့ ချပေးတာရှိပြီး အဲဒီငွေနဲ့ တပ်ဖွဲ့အသုံးအဆောင်နဲ့ လက်လုပ်သေနတ်၊ မိုင်း လုပ်တာ စတာတွေအပြင် ကျန်းမာရေးအတွက် အသုံးပြုလည်ပတ်နေရတာလို့ တာဝန်ခံက ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း-၂၁ အနေနဲ့ Second Hand မောင်းပြန် သေနတ် ၃၀၊ ၄၀ လောက်နဲ့တင် ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နိုင်မှာဖြစ်ပြီး ပြည်သူကို ကာာကွယ်ပေးနိုင်သလို ထိရောက်တဲ့ တော်လှန်ရေးပါ လုပ်လို့ရနိုင်မယ်လို့ သိရပါတယ်။

“အခုတော့ မောင်းပြန်တလက်လေးတောင် မရှိတဲ့ တပ်ရင်း ဘယ်ပြည်သူကို ဘယ်လို ကာကွယ်မလဲ၊ ဘယ်လိုထိရောက်တဲ့ တော်လှန်ရေးလုပ်မလဲ” ဆိုပြီး  ရွှေဘိုခရိုင်တပ်ရင်း-၂၁ ပြန်ကြားရေးတာဝန်ခံက မေးခွန်းထုတ်ပြောဆိုပါတယ်။

အခုချိန်မှာတော့ ဒီပဲရင်းမြို့နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ပစ်ခတ်တာ၊ လူနေအိမ်တွေ ကို မီးရှို့တာ၊  ဒေသခံပြည်သူတွေကို သတ်ဖြတ်နေတာပါ။

ဒီပဲယင်းမြို့နယ်အတွင်းမှာ စစ်ဆင်ရေးဝင်နေတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာ ၃၁ ရွာကျော်ကို  မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၅၀၀ ကျော် မီး‌လောင်ဆုံးရှုံးကာ ပြည်သူပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013