Live
Home
မြန်မာသတင်း
ရန်ကုန်မြို့က ဘတ်စ်ကားများပေါ်တွင် ခါးပိုက်နှိုက်ခံရမှု ပိုများလာ
DVB
·
August 15, 2022

ရန်ကုန်မြို့က   ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေပေါ်မှာ ခရီးသွားတွေ ပိုက်ဆံအိတ်၊ ဖုန်းနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ ခါးပိုက်နှိုက်ခံရတာ ပိုများလာတယ်လို့ ခရီးသွားပြည်သူက ပြောပါတယ်‌။

“ကားတွေ ပေါ်မှာတော့ အတော့်ကို လူကျပ်တယ်။ ကျမ တာမွေဘက်သွားရင်းနဲ့ ပိုက်ဆံအိတ်ကို ခွဲပြီး တယ်လီဖုန်းနိူက်သွားတယ်။ ကားပေါ်ကဆင်းမှ တယ်လီဖုန်းပါသွားတယ်ဆိုတာ သိရတာ။ ဒီကာလထဲ Taxi မစီးနိုင်လို့ လိုင်းကားစီးတာ ခါးပိုက်နှိုက်ခံလိုက်ရတယ်။ ကျမ မိတ်ဆွေ ၃ ဦးလောက်လည်း ဒီရက်ပိုင်း ခါးပိုက်နှိုက်ခံရသူတွေရှိတယ်” လို့ လှိုင်သာယာမှာနေထိုင်သူ အမျိုးသမီးတဦးက ပြောပါတယ်။

ခရီးသည်တင် မော်တော်ယာဉ်လိုင်းကားတွေပေါ်မှာလည်း ယာဉ်စီးသူ အဆမတန် များပြားလာနေပြီး ယာဉ်မောင်းတွေကလည်း ခါးပိုက်နှိုက် သတိပြုဖို့ သတိပေးတာမျိုးလောက်ပဲ လုပ်နိုင်တယ်လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။

“မနက်ပိုင်းနဲ့ ညနေပိုင်းကတော့ လိုင်းကားတွေပေါ် မှာ လူအရမ်းကျပ်တယ်။ ခါးပိုက်နှိုက်ဆိုတာက လည်း စာကပ်ထားတာမဟုတ်တော့ ကျနော်တို့လည်း ခရီးသွားတွေကို ခါးပိုက်နှိုက်သတိပြုဖို့တော့ အမြဲသတိပေးနေတာပဲ'” လို့  သခင်မြ ပန်းခြံကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်မောင်းတဦးက ပြောပါတယ်။

တနိုင်ငံလုံးမှာ စက်သုံးဆီဈး မြင့်မာလာတာနဲ့ CNG ဓာတ်ငွေ့ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာပြီးနောက် မော်တော်ယာဉ်လိုင်းတွေပေါ်မှာ ယခင်ကာလထက်  ခါးပိုက်နှိုက် ပိုများလာတာလို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်လိုင်း ၁၁၀ ကျော်၊ ယာဉ်အစီးရေ ၃၁၀၀ ကျော် နေ့စဉ်ပြေးစွဲနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024