Live
Home
ဆောင်းပါး
သင်္ကြန်၊ အရက်နဲ့ မူးယစ် အန္တရာယ်
နော်နိုရင်း
·
April 13, 2014
မြန်မာ့နှစ်ကူး အခါသမ အတာသင်္ကြန် ဒီနှစ်လည်း ရောက်လို့လာပြန်ပါပြီ။ နှစ်စဉ် သင်္ကြန် ရောက်တိုင်း မဏ္ဍပ်တွေအနီး မူးယစ်သောက်စားခြင်း မရှိရလို့ အစိုးရတာဝန်ရှိသူတွေက ဘယ်လိုပင် စည်းကမ်းထုတ်ပေမယ့် သင်္ကြန်ဆိုရင် အမျိုးသား၊ အမျိုးသမီး လူငယ် လူရွယ် လူကြီး မကျန် အရက်သေစာ မူးယစ်သောက်စားမှုတွေကတော့ တိုးပွားမြဲ တိုးပွားလာ နေဆဲဖြစ်ပါတယ်။ သင်္ကြန်ဆိုတာ မြန်မာ့ရိုးရာ အစဉ်အလာ တစ်ရပ် ဖြစ်ပါတယ်၊ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ အခါသမယ ဖြစ်တယ်ဆိုတာတွေက လူတိုင်း သိပြီးသားပါ။ သင်္ကြန်မှာ တဦးနဲ့ တဦးရေလောင်းကြတယ် ရေပက် ကြတယ်ဆိုတာကလည်း အေးမြပါစေ၊ နှစ်ဟောင်းက အညစ်အကြေးတွေ ကင်းစင်ပါစေဆိုတဲ့ စိတ်တွေနဲ့ ရည်မှန်းပြီး လောင်းကြပက်ကြတာပါပဲ။ ဒါ့အပြင် အလှူ အတန်းတွေ၊ ကုသိုလ်ကောင်းမှုတွေလည်း လုပ်ကြတာပါပဲ။ 1508572_687173707987799_1682232737214425204_nသင်္ကြန်ရောက်ပြီဆိုတာနဲ့ ကုန်ဈေးနှုန်းတော်တော်များများ တက်တတ်တာကြောင့် စားသောက် ကုန်ပစ္စည်းတွေ ကြိုတင်ဝယ်ယူတတ်တဲ့ အလေ့အထရှိသလို သင်္ကြန်တွင်း ကားနဲ့ ရေပက်ခံ ထွက်လိုသူတွေကလည်း ဓာတ်ဆီ ကြိုတင်စုဆောင်းတတ်ကြပါတယ်။ ဒါပေမယ့်လည်း ဒီနောက် ပိုင်းနှစ်တွေမှာတော့ အရက်ကို ကြိုတင်စုဆောင်း သူတွေ တပုံကြီးရှိလာပါတယ်။ အရက်ဆိုင်တွေကလည်း သင်္ကြန်တွင်းမှာ အရက်ပိုရောင်းရတယ်၊ ပိုဈေးကောင်း ရတယ်ဆိုတော့ အစောကြီးကတည်းက စုဆောင်းနေကြတာပါပဲ။ ဒီတော့ ဒီအတိုင်းဆက်ရှိနေဦးမယ်ဆိုရင် သင်္ကြန်ဆိုတာ အရက်သောက်ရမယ့်အချိန် အရက်သောက်ပွဲတော်လို့ လူငယ်တွေရဲ့စိတ်ထဲ အမှတ်မှားမှာ တွေးပူစရာပါ။ ရန်ကုန်မြို့က လူငယ်တဦးကတော့ သင်္ကြန်ကို သူငယ်ချင်းတွေနဲ့ အလည်အပတ်ထွက်တာ ၆ နှစ်လောက်ရှိပြီး လူငယ်တွေအကြားမှာ အရက်သေစာ သောက်သုံးမှုတွေ များလာနေတဲ့အတွက် စိတ်ပျက်စရာဖြစ်လာတယ်လို့ ပြောပါတယ်။ “သင်္ကြန်ဆို အရင်တုန်းကတော့ သူငယ်ချင်းတွေ စုပြီးလည်ကြ ပတ်ကြတယ်။ အခုနောက်ပိုင်းကျတော့ အချို့လူတွေက သင်္ကြန်တွင်းကို သောင်းကျန်းလို့ ရတယ်။ အရက်တွေ ဘာတွေလည်း အိမ်က ခွင့်ပြုချက်နဲ့ သောက်လို့ရတယ်တို့ ဘာတို့ အဲဒီလိုမျိုးတွေ ဖြစ်လာတော့ သင်္ကြန်က နည်းနည်းတော့ စိတ်ပျက်စရာတော့ ကောင်းလာတယ်။ မဏ္ဍပ်ဆိုလည်း မဏ္ဍပ် အလျှောက် လည်တဲ့သူလည်း လည်တဲ့သူအလျှောက် နည်းနည်း စည်းကမ်းတော့ လွတ်လာသလားလို့။” သင်္ကြန်တွင်းမှာဆိုရင် သင်္ကြန်မဏ္ဍပ်တွေနားမှာ အရက်သေစာမရောင်းရ၊ သောက်စားခြင်းမရှိရ ဆိုပြီး အစိုးရက ပုံမှန် စည်းကမ်းချက် ထုတ်ပြန်ထားပေမယ့် နှစ်စဉ် သင်္ကြန်ပွဲတော်တွင်း အမျိုးသား၊ အမျိုးသမီးတွေရဲ့ အရက်သေစာသောက်စား မူးယစ်နေတဲ့ ပုံတွေက လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွေမှာ အမြဲပျံ့နှံ့နေခဲ့တာပါ။ ရန်ကုန်တိုင်း မူးယစ်တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့က ရဲမှူး ခင်မောင်သိန်းကတော့ သင်္ကြန်မတိုင်ခင် ကတည်းက အရက် မူးယစ်ဆေးတွေ ကြိုတင်စုဆောင်းနေကြတာကြောင့် ဖမ်းဆီးအရေးယူမှုတွေ လုပ်နေရတယ်လို့ ပြောပါတယ်။ “များသောအားဖြင့် အလေ့အဓအရ သင်္ကြန်ကာလ မတိုင်ခင်မှာ မူးယစ်ဆေးဝါးတွေကို ကြိုပြီး စုဆောင်းထားတာတွေရှိတယ်။ ၀ယ်တာ ရောင်းတာတွေ ရှိတယ်။ အထူးသဖြင့် စိတ်ကြွဆေးဝါးပေါ့။ စိတ်ကြွဆေးဝါးနဲ့ ပတ်သက်လို့ ပျော်ရွှင်ဖို့အတွက် သုံးစွဲနိုင်တဲ့ အနေအထားတွေ ရှိတယ်။ အဲဒါတွေကို အင်အားစုဖွဲ့ပြီး ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ သတင်းရယူပြီး ဆောင်ရွက်နေတာတွေ ရှိတယ်။” သင်္ကြန်တွင်း မူးယစ်ဆေးသုံးစွဲမှုကြောင့်ဖြစ်လာမယ့် လူမှုရေးပြသနာတွေနဲ့ ပတ်သက်ပြီးလည်း ရဲမှူး ခင်မောင်သိန်းက အခုလို ဆက်ရှင်းပြပါတယ်။ “ဒီစိတ်ကြွဆေးပြားရဲ့ သဘောကတော့ သင်္ကြန်ကာလရယ်လို့ မဟုတ်ဘူး။ ဘယ်အချိန်သုံးသုံး အန္တရာယ်ရှိနိုင်တယ်။ လူတွေက လိုအပ်တာထက်ပိုပြီး ကိုယ့်စိတ်ကို ထိန်းချုပ်မှု မလုပ်နိုင်ဘူး။ ထိန်းချုပ်မှု မလုပ်နိုင်တဲ့အတွက် အမှား အမှန် ဆင်ခြင်တုန်တရား နည်းသွားတယ်။ နည်းသွားတော့ ခိုက်ရန်ဖြစ်ပွားမှုမျိုးတွေ မိန်းကလေးဆိုလည်း ဆွဲလားရမ်းလား လုပ်တဲ့ ဟာမျိုးတွေ ဖြစ်လာနိုင်တယ်။ ရာဇ၀တ်မှုကတော့ သင်္ကြန်ကာလတွင်းဆိုလည်း တယောက်နဲ့ တယောက် သည်းညည်းမခံနိုင်တာမျိုးတွေ ဖြစ်နိုင်တယ်။ နောက်တခါ မိန်းကလေး ဆိုလည်း သူတို့ရဲ့ စည်းရုံးပြီး တိုက်ကျွေးခံရပြီးတော့ သူတို့ခန္ဓာကိုယ်တွေ ပေးဆပ်ရတဲ့ ဟာမျိုးတွေ ဖြစ်သွားနိုင်တယ်။ သူစိမ်းတယောက် အချိုရည်တို့ အရက်ဘီယာတို့ထဲ ရောစပ်ပြီးတော့ တိုက်ကျွေးတာမျိုးတွေလည်း ဖြစ်နိုင်တယ်။ ရေနဲ့ရောစပ်ပြီး သုံးတဲ့အခါမှာ စိတ်ကြွဆေးပြားကို ကျိတ်ပြီးတော့ တိုက်ကျွေးတာမျိုးတွေ ဖြစ်တတ်တယ်။ မိန်းကလေးတွေက အသိစိတ် ကင်းမဲပြီးတော့ စည်းရုံးခံရနိုင်ပြီး အကြံအစည် ရှိတဲ့ ယောက်ျားလေးတွေရဲ့ ကာမဆက်ဆံခြင်း တွေ ခံရနိုင်တယ်။” ဒါကတော့ ရန်ကုန်တိုင်း မူးယစ်တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့က ရဲမှူး ခင်မောင်သိန်း သတိ ပေးချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်္ကြန်တွင်းမှာ ပျော်ရွှင်ကြမယ့် လူငယ်လူရွယ် ညီမတွေလည်း သူစိမ်းတွေ တိုက်တဲ့အချိုရေတွေကို သတိထားဖို့ တိုက်တွန်းလိုက်ပါရစေ။ မနှစ် ၂၀၁၃ အတာသင်္ကြန်မှာဆိုရင် မှုခင်းပေါင်း ၁၇၀ လောက် ဖြစ်ပွားခဲ့ပြီး အများစုမှာ တော့ မူးယစ်ဆေးဝါးကြောင့်ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ သတင်းထုတ်ပြန် ရေးအဖွဲ့ရဲ့ ပြောပြချက်အရ သိရပါတယ်။ အရက်မူးယစ်တွေကြောင့် ဒီလို လူမှုရေးပြဿနာတွေ ဖြစ်လာနိုင်သလို ကျန်းမာရေးထိခိုက်မယ့် အန္တရာယ် တွေကလည်း ရှိနေတာပါ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေး ပညာပေးဆောင်းပါး တွေရေးနေတဲ့ ဒေါက်တာ သီဟမောင်က အခုလို သတိပေးထားပါသေးတယ်။ “သင်္ကြန်ကာလမှာ ရေကစားတဲ့အခါမှာ ပူပြင်းတဲ့ ရာသီဥတုနဲ့ ရေကစားတယ်ဆိုတာဟာ လိုက်ဖက်ညီတယ်ဆိုပေမယ့် အခု မြန်မာပြည်မှာရော တကမ္ဘာလုံးမှာ ပိုပြီးတော့ အပူချိန်တွေ မြင့်တက်လာတဲ့အတွက်ကြောင့်မို့လို့ ရာသီဥတုက ပူပြင်းတဲ့အတွက်ကြောင့် ရိုးရိုးရေ ကစားတာတင် မကဘူး အချမ်းပြေအောင်ဆိုပြီး မူးယစ်ဆေးတွေ သုံးမယ်၊ အရက်တွေ ဘီယာတွေကို အလွန်အကျွံသောက်မယ်ဆိုရင် ကျန်းမာရေး ရှုထောင့်ကကြည့်ရင် အများကြီး ဆိုးကျိုးတွေ ပေးပါတယ်။ ဘယ်လိုမျိုး ဆိုးကျိုးတွေပေးလဲဆိုရင် အရက်ပဲဖြစ်ဖြစ် ဘီယာပဲ ဖြစ်ဖြစ် မူးယစ်ဆေးတွေ သုံးလို့ရှိရင် စိတ်က ပုံမှန်မဟုတ်တော့ဘူး။ ပုံမှန်မဟုတ်တဲ့အကြောင့် ပုံမှန်ထက်ပိုပြီးတော့ မြူးကြွတယ်၊ တက်ကြွတယ်၊ စိတ်ဓာတ်တွေ တက်ကြွတယ်ဆိုတဲ့ အခါကျတော့ ခိုက်ရန်ဒေါသတွေ ဖြစ်ကြမယ်။ နောက်တခါ ယာဉ်မောင်းတဲ့လူတွေဆိုရင်လည်းပဲ ယာဉ်အန္တရာယ်ထိခိုက်မှုတွေ အထူးသဖြင့် ယာဉ်မောင်းတဲ့သူက အရက်သေစာ မူးယစ်ဆေးဝါး သုံးထားမယ်ဆိုရင် ကားပေါ်မှာပါလာတဲ့သူတွေ အန္တရာယ်ရှိမယ်၊ ထိခိုက်သေနိုင်မယ်။ နောက်တခုက ရာသီဥတုက ပူပြင်းနေတဲ့အချိန်အခါမှာ ၀တဲ့သူတွေ သွေးတိုးတို့ နှလုံးရောဂါတို့ ရှိတဲ့သူတွေဟာ အထူးသဖြင့် ပိုသတိထားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို နေပူပူမှာ အရက် ဘီယာ အလွန်အကျွံသောက်မယ်၊ မူးယစ်ဆေးတွေ သောက်မယ်ဆိုလို့ရှိရင် ခန္ဓာကိုယ် သွေးလည်ပတ်မှုက ပုံမှန်ထက်ပိုပြီး များလာတဲ့အခါမှာ ဦးနှောက်သွေးကြောပြတ်တာတွေ ရုတ်တရက် သတိလစ်တာတွေ အဲဒီလိုမျိုးတွေ ဖြစ်ပြီးတော့ သေနိုင်တယ်။ နောက်တခုကလည်း ကျန်းမာရေး ရှုထောင့်အရ မူးယစ်ဆေးဝါးတွေကို သုံးမယ်၊ အရက်ကို သုံးမယ်ဆိုရင် ထိန်းသိမ်းနိုင်တဲ့ ကိုယ့်ရဲ့အသိဥာဏ်ဟာ ပျက်ဆီးသွားတဲ့အတွက်ကြောင့်မို့လို့ အရှက်ကင်းမဲ့တဲ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ မဖွယ်မရာ အပြုအမူမျိုးတွေလည်း ပြုလုပ်နိုင်တယ်။ ဒီထက်ပိုဆိုးတာကတော့ ထိန်းသိမ်းနိုင်တဲ့ အသိဥာဏ်ပျက်သွားပြီးတော့ မဖြစ်သင့်တဲ့ ဥပမာ - ကာမယာဂ အနိုင်ကျင့်စော်ကားမှု ပြဿနာတွေလည်း ဖြစ်လာနိုင်တယ်။ ခြုံပြောမယ်ဆိုရင်တော့ မူးယစ်ဆေးဝါး သင်္ကြန်အတွင်းမှာသုံးမယ်၊ အရက်ဘီယာ အလွန်အကျွံသောက်မယ်ဆိုရင်တော့ ကျန်းမာရေး ဆိုးကျိုးတွေ အများကြီး ဖြစ်နိုင်ပါတယ်။” သင်္ကြန်တွင်းမှာ အရက်သေစာသောက်စားမူးယစ်ခြင်းဟာ မလိုလားအပ်တဲ့ မှုခင်းတွေ၊ လူမှုရေးပြဿနာတွေ ဖြစ်စေတတ်လို့ ဒီနှစ် ၂၀၁၄ သင်္ကြန်ကာလမှာ မိဘပြည်သူ လူငယ်လူရွယ် အားလုံး အန္တရယ်ကင်းစွာနဲ့ ပျော်ရွှင်နိုင်ဖို့နဲ့ လတန်ခူး ထူးတဲ့သင်္ကြန်ကို မူးတဲ့ ရူးတဲ့ သင်္ကြန်မဖြစ် အောင် ထိန်းသိမ်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024