Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် ခရီးသွား ၂ ယောက်ကို စစ်တပ် ဖမ်းဆီး
DVB
·
August 14, 2022

မကွေးတိုင်း ပေါက်မြို့နယ် ပခုက္ကူ-မင်းတပ်ကားလမ်းမှာ သြဂုတ် ၁၃ ရက်မနက်ပိုင်းက ခရီးသွားပြည်သူ ၂ ယောက်ကို PDF တပ်ဖွဲဝင်၊ PDF ထောက်ပံ့သူလို့စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ သြဂုတ် ၁၃ ရက် မနက် ၉ နာရီလောက်က မင်းတပ်မြို့၊ စံပြရပ်ကွက်နေ ခရီးသွားတယောက်ဖြစ်တဲ့ ကိုသီဟထွန်းကို စစ်တပ်နဲ့ အပေါင်းပါတွေက PDF ထောက်ပံ့သူဆိုပြီး စွပ်စွဲဖမ်းဆီးသွားကြတာလို့ ပေါက်မြို့ဒေသခံတယောက်က ပြောပါတယ်။

ဒ့ါအပြင် ပေါက်မြို့ သရက်တောဂိတ်မှာလည်း ဆောမြို့ကနေ ပေါက်မြို့ဘက်ကို ဆိုင်ကယ်နဲ့ ခရီးထွက်လာတဲ့ ဆောမြို့နယ်၊ တပြင်းရွာနေ ကိုဇော်မင်းဝင်းကိုလည်း PDF တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးသွားကြတယ်လို့ သိရပါတယ်။

ဒေသခံက “သူတို့ ၂ ယောက်ကို ပေါက်ရဲခန်းက စစ်ကြောရေးပို့လိုက်တယ်။ သရက်တောဂိတ်ကတော့ အင်အားအများအပြားနဲ့ကို စစ်နေတာ အဆိုးဆုံးပဲ။ ယောကနေ ချင်းတောင်ပို့မယ့် ကုန်တွေကိုလည်း တားမြစ်ကန့်သတ်တဲ့ ဂိတ်တခုပဲ။ ငွေတောင်းလည်း ကြမ်းတယ်။ ငွေတောင်းလို့ အဆင်ပြေတဲ့ ကားတွေဆို အေးဆေး သွားလို့ရပေမဲ့ ခရီးသည်တင်ကားနဲ့ ကုန်ကားတွေဆို နည်းအမျိုးမျိုးနဲ့ ရစ်တော့တာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ​အခုနှစ် သြဂုတ် ၁၂ ရက်အထိ နိုင်ငံတဝန်း  ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၂၀၀၀ ယောက်အနက် ၁၃၈၄ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024