
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက လှေခုတ်ကျေးရွာကို သြဂုတ် ၁၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်ပြီး မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
စစ်တပ်နဲ့ ပျူစောထီးအင်အား ၁၀၀ လောက်ဟာ ရေယှားရွာဘက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ရွာကို ဒီနေ့မနက် ၉ နာရီလောက်မှာ ဝင်လာကြပြီး ၉ နာရီ ကျော်လောက်မှာ မီးရှို့ ဖျက်ဆီးနေကြတာလို့ လှေခုတ်ကျေးရွာ ဒေသခံတယောက်က ပြော ပါတယ်။
“စစ်တပ်က တရွာလုံး ကုန်အောင် မီးရှို့မယ့် သဘော ရှိတယ်။ အခုနေ့လယ် ၁၂ နာရီလောက်အထိ မီးက လောင်နေတုန်းပဲ။ တရွာလုံး ပတ်ရှို့ နေကြတာ။”
အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ လှေခုတ်ရွာကို စစ်ကြောင်း ထိုးလာတယ်လို့ သတင်းကြားတာနဲ့ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၁၀၀ ကျော်လောက်နဲ့ ရေလယ်ကျွန်းဒေသ မင်းရွာ ကျေးရွာမှာ အထိုင်ချထားကာ တပ်ဖြန့်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ကျော်လောက် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနက်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်းအတွင်း စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar ရဲ့ ဇွန် ၇ ထုတ်ပြန်ချက်က ဆိုပါတယ်။